Border News Agency
ဂန့်ဂေါ၊ မေ ၄။
အာဏာသိမ်းစစ်တပ်ရဲ့ ဂန့်ဂေါအခြေစိုက် ခလရ ၅၀ တပ်ရင်းက တပ်သားတဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ CDF-KKG အဖွဲ့က မေလ ၃ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီအလင်းဝင်လာသူဟာ စစ်သက် ၇ နှစ်ရှိတဲ့တပ်သားကောင်းခန့်ဖြစ်ပြီး MA-1 သေနတ်တလက်အပါအဝင် ကျည်ဆန်တွေနဲ့ လက်ပစ်ဗုံးတွေကို ယူဆောင်ကာ ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့ကတည်းက ပူးပေါင်းလာခဲ့တာပါ။
သူဟာအာဏာသိမ်းစစ်တပ်ထဲမှာ ဆက်မနေချင်တော့တာကြောင့် ချိတ်ဆက်လာတာဖြစ်ပြီး ရှေ့ဆက်မှာလည်း တော်လှန်ရေးအဖွဲ့တွေနဲ့အတူ ပါဝင်သွားဖို့ ဆန္ဒရှိနေပါတယ်။
အဲဒီလက်နက်နဲ့အတူအလင်းဝင်လာတာကြောင့် CDF-KKG က ကိုကောင်းခန့်ကို ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ပေးအပ်ခဲ့သလို လုံခြုံတဲ့နေရာကိုလည်း ပို့ဆောင်ပေးထားပြီး ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်အတွင်းမှာ စိတ်ဓာတ်ပျက်ပြားမှုတွေ ရှိနေတာကြောင့် အခုလို လက်နက်နဲ့အတူ အလင်းဝင်လာသူတွေဟာ တနေ့ထက်တနေ့ ပိုများလာနေပါတယ်။






