Border News Agency
နော်ဝေ၊ မေ ၇။
ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ်ဆီပြောင်းရွှေ့လိုက်ပြီဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ရန်ကုန်မြို့မှာရှိတဲ့နော်ဝေသံရုံးက မှတ်တမ်းတင်သိရှိထားတယ်လို့ ထုတ်ပြန်ပါတယ်။
အခုလိုပြောင်းရွှေ့လိုက်တဲ့အပေါ်မှာ နော်ဝေအစိုးရအနေနဲ့ အနီးကပ်စောင့်ကြည့်နေတာပါ။
နေအိမ်အကျယ်ချုပ်ရောက်ရှိနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ရဲ့မိသားစုဝင်တွေနဲ့ပုံမှန်အဆက်အသွယ် လုပ်ခွင့်ရဖို့ နော်ဝေသံရုံးကမျှော်လင့်နေပါတယ်။
ဒါ့အပြင်သူ့ရဲ့ရှေ့နေတွေနဲ့ လွတ်လပ်စွာတွေ့ဆုံဆွေးနွေးခွင့်နဲ့ လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကို အပြည့်အဝ ရရှိစေချင်တယ်လို့ဆိုပါတယ်။
တဖက်မှာလည်း အာဆီယံနဲ့ကုလသမဂ္ဂကစေလွှတ်ထားတဲ့ အထူးသံတမန်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကိုယ်တိုင်တွေ့ဆုံခွင့်ပေးဖို့ နော်ဝေဘက်က ပြင်းပြင်းထန်ထန်တိုက်တွန်းထားပါတယ်။
ဒါမှသာမြန်မာ့အရေးဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို အတူတူရှာဖွေနိုင်မှာဖြစ်တယ်လို့ ယူဆနေကြတာပါ။
ဒေါ်အောင်ဆန်းစုကြည်တဦးတည်းတင်မဟုတ်ဘဲ လက်ရှိမှာမတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သူအားလုံးကိုလည်း ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွတ်ပေးဖို့ နော်ဝေသံရုံးကထပ်မံတောင်းဆိုထားပါတယ်။
အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးထားတာတွေကိုရပ်တန့်ဖို့အတွက်လည်း သူတို့ကအလေးအနက်ပြောဆိုထားပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းလိုက်တာဟာ နိုင်ငံတကာဖိအားတွေကြောင့်လို့ ဝေဖန်မှုတွေရှိနေပါတယ်။
ဒါပေမယ့်နော်ဝေအပါအဝင် နိုင်ငံတကာအသိုက်အဝန်းကတော့ နေအိမ်အကျယ်ချုပ်ဟာ အဖြေမဟုတ်ဘဲလုံးဝလွတ်မြောက်မှသာ အဆင်ပြေမယ်လို့ရှုမြင်နေကြပါတယ်။




