Border News Agency
ရန်ကုန်၊ဇူလိုင် ၄။
ခရိုနီဦးကျော်သောင်းမိသားစုပိုင် KT Group နဲ့ Ky-Tha Group တို့ဟာအာဏာသိမ်းစစ်တပ်နဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်နေသလိုလက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ ဝယ်ယူရာမှာ ကြားခံပွဲစားအဖြစ် လုပ်ကိုင်ပေးနေတာကြောင့် အဲဒီလုပ်ငန်းစုနဲ့ ရှယ်ယာရှင်တွေကို ထိရောက်စွာ အရေးယူပိတ်ဆို့ပေးဖို့ Justice For Myanmar (JFM) က တောင်းဆိုလိုက်ပါတယ်။
အဲဒီ ပေါက်ကြားလာတဲ့ အထောက်အထားတွေအရ ဦးကျော်သောင်းမိသားစုပိုင် ကုမ္ပဏီတွေဟာ ပြင်သစ်အခြေစိုက် Safran၊ Thales နဲ့ အမေရိကန်အခြေစိုက် Forum Energy Technologies လို နိုင်ငံတကာကုမ္ပဏီတွေနဲ့ ချိတ်ဆက်ကာ အာဏာသိမ်းစစ်တပ် လေတပ်နဲ့ ရေတပ်အတွက် လိုအပ်တဲ့ နည်းပညာနဲ့ လက်နက်တွေကို ကြားခံဝယ်ယူပေးခဲ့တာ တွေ့ရှိရတယ်လို့ဆိုပါတယ်။
အဲဒီအပြင် KT Group ဟာ ၂၀၁၇ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စစ်ဆင်ရေးကာလမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ကြောင်းမှူးတွေကို ဘဏ္ဍာရေးဆိုင်ရာ အလှူငွေတွေ တိုက်ရိုက်ပေးအပ်ခဲ့တာကြောင့် အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေမှာ ကြံရာပါအဖြစ် ပါဝင်ပတ်သက်နေတယ်လို့ JFM က ဖော်ပြပါတယ်။
အဲဒီ KT Group နဲ့ Ky-Tha Group တို့ဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ ဆိပ်ကမ်း၊ ဆက်သွယ်ရေးနဲ့ လေကြောင်းလိုင်း အပါအဝင် မြန်မာနဲ့ စင်ကာပူမှာ ကုမ္ပဏီခွဲပေါင်း ၃၀ နီးပါးနဲ့ ကွန်ရက်ဖြန့်ကျက်ထားပြီး၊ လက်ရှိမှာတော့ ဦးကျော်သောင်းရဲ့ သားဖြစ်သူ မိုးကျော်သောင်းနဲ့ မြေးဖြစ်သူ ဂျိုနသန်မျိုးကျော်သောင်းတို့က အဓိကဦးဆောင်နေတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေအတွက် ငွေကြေးနဲ့ လက်နက်ထောက်ပံ့ရေးလမ်းကြောင်း ဖြစ်နေတဲ့ ဒီခရိုနီလုပ်ငန်းစုတွေကို ဖြတ်တောက်နိုင်ဖို့အတွက် ဒါရိုက်တာတွေနဲ့ ရှယ်ယာရှင်တွေကိုပါ ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေအမြန်ဆုံးချမှတ်ပေးဖို့ JFM ကတိုက်တွန်းထားပါတယ်။






