Border News Agency
တောင်ငူ၊ဇူလိုင် ၃။
နိုင်ငံတော်လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ထုနဲ့အထိမ်းအမှတ်တွေကို ဖျက်ဆီးနေတာဟာ ကြီးလေးတဲ့ ရာဇဝတ်မှုမြောက်တယ်လို့ မြန်မာနိုင်ငံရှေ့နေများကောင်စီက ဇူလိုင်လ ၂ ရက်နေ့မှာ သတိပေးထုတ်ပြန်ပါတယ်။
အခုလိုဗိုလ်ချုပ်ရုပ်ထုတွေကို အာဏာသိမ်းစစ်တပ်ကခိုးကြောင်ခိုးဝှက် ဖျက်ဆီးနေတာဟာ လွန်စွာသိက္ခာမဲ့ပြီး စက်ဆုပ်ရွံရှာစရာကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်းဆိုပါတယ်။
ဒီလုပ်ရပ်ဟာ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ-၄၂၅ (အကျိုးဖျက်ဆီးမှု)ကို ဖောက်ဖျက်တာဖြစ်ပြီး ပြည်သူပိုင်ပစ္စည်းကိုဖျက်ဆီးဖယ်ရှားရင် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ခံရနိုင်တယ်လို့ ရှေ့နေများကောင်စီက သတိပေးထားပါတယ်။
အဲဒီအပြင် အာဏာပိုင်တွေရဲ့ ထိန်းချုပ်မှုအောက်က နေရာတွေမှာ အခုလို ဖြစ်ပျက်နေတာကို ကြည့်ရင် ဒီဖျက်ဆီးမှုတွေကို အာဏာသိမ်းစစ်တပ်ကိုယ်တိုင် ကျူးလွန်နေတာလို့ ဆိုပါတယ်။
အဲဒီရေဦး၊ တောင်ငူ၊ ပဲခူး၊ ပုသိမ်နဲ့ သာစည်မြို့တွေမှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တုတွေကို ကရိန်း၊ဘက်ဟိုးတွေသုံးပြီး ဖြိုချဖျက်ဆီးနေတာတွေကို မှတ်တမ်းတင်ထားတယ်လို့လည်းဆိုပါတယ်။










