Border News Agency
အီရန်၊မေ ၁၃။
အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ဟော်မုဇ်ရေလက်ကြားရဲ့ နယ်နိမိတ်ကို အရင်ကထက် အဆပေါင်းများစွာ ပိုကျယ်ပြန့်တဲ့ စစ်ဆင်ရေးနယ်မြေအဖြစ် တိုးချဲ့သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။
အရင်က ရေလက်ကြားကို ကျဉ်းမြောင်းတဲ့ နေရာတခုအနေနဲ့ပဲ မြင်ခဲ့ပေမယ့် အခုတော့ စစ်ရေးအရအရေးပါတဲ့ နယ်မြေအဖြစ် အကျယ်အဝန်းကို တိုးချဲ့လိုက်တာဖြစ်တယ်လို့ IRGC ရေတပ်ရဲ့ ဒုတိယနိုင်ငံရေးညွှန်ကြားရေးမှူးက ပြောဆိုထားပါတယ်။
အဲဒီဟော်မုဇ်နဲ့ ဟင်းဂမ်ကျွန်းတွေပတ်ပတ်လည်ကိုပဲ ဟော်မုဇ်ရေလက်ကြားလို့ သတ်မှတ်ခဲ့တာ ဖြစ်ပေမယ့် အခုတော့ အရှေ့ဘက် ဂျတ်စ်မြို့ကနေ အနောက်ဘက်က စီရီကျွန်းအထိ ကျယ်ဝန်းတဲ့ မဟာဗျူဟာမြောက်ဇုန်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်တာပါ။
ဒီလိုတိုးချဲ့လိုက်တာဟာ အမေရိကန်နဲ့ အစ္စရေးတို့နဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခအတွင်းမှာ ဒုတိယအကြိမ်မြောက် နယ်နိမိတ်တိုးချဲ့မှုလည်း ဖြစ်ပါတယ်။
အီရန်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ အရင်က ရေလက်ကြားရဲ့ အကျယ်ကို မိုင် ၂၀ ကနေ ၃၀ ဝန်းကျင်အထိပဲ ခန့်မှန်းခဲ့ကြပေမယ့် အခုနယ်နိမိတ်သစ်အရ မိုင်ပေါင်း ၂၀၀ ကနေ ၃၀၀ အကြားအထိ ၁၀ ဆလောက် ပိုကျယ်သွားတာ ဖြစ်ပါတယ်။
ဒီတိုးချဲ့လိုက်တဲ့ ဇုန်သစ်ဟာ လခြမ်းပုံစံမျိုး ဖြစ်နေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
အဲဒီဟော်မုဇ်ရေလက်ကြားဟာ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ရည် (LNG) တင်ပို့မှုရဲ့ ၅ ပုံ ၁ ပုံလောက် ဖြတ်သန်းသွားလာနေရတဲ့ အဓိကလမ်းကြောင်းဖြစ်ပြီး ဆော်ဒီအာရေဗျ၊ အီရတ်နဲ့ ကာတာနိုင်ငံတို့အတွက် အဓိက ပို့ကုန်လမ်းမကြီးလည်း ဖြစ်ပါတယ်။
အခုလို နယ်နိမိတ်တိုးချဲ့လိုက်တာဟာ ဒီရေကြောင်းလမ်းရဲ့ လုံခြုံရေးနဲ့ ကုန်သွယ်ရေးအပေါ် စစ်ရေးအရ ပိုမိုလွှမ်းမိုးနိုင်ဖို့ ကြိုးစားလာတာ ဖြစ်နိုင်ပါတယ်။
အီရန်ဘက်ကတော့ မေလ ၄ ရက်နေ့ကတည်းက ယူအေအီး (UAE) နိုင်ငံရဲ့ ကမ်းရိုးတန်းတလျှောက်အထိ ပါဝင်တဲ့ထိန်းချုပ်နယ်မြေပြမြေပုံကို ထုတ်ပြန်ခဲ့ဖူးပါတယ်။
အခုနောက်ဆုံး ထုတ်ပြန်ချက်ကတော့ အဲဒီနယ်မြေထက်တောင် ပိုပြီးကျယ်ပြန့်လာတာဖြစ်လို့ ဒေသတွင်း တင်းမာမှုတွေ ပိုပြီးမြင့်တက်လာနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။






