Border News Agency
အမေရိကန်၊ မေ ၁၃။
အမေရိကန်သမ္မတထရန့်ဟာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့တွေ့ဆုံဖို့ ဘေဂျင်းကို မေလ ၁၂ ရက်၊ မနေ့က ထွက်ခွာသွားပါတယ်။
အဓိကကုန်သွယ်ရေးကိစ္စတွေကို ဆွေးနွေးမှာဖြစ်ပေမယ့် အီရန်စစ်ပွဲအကြောင်းကိုလည်း အချိန်အတော်ကြာဆွေးနွေးသွားမယ်လို့ ထရန့်ကပြောထားပါတယ်။
အီရန်ဘက်ကတော့ သူတို့ရဲ့ငြိမ်းချမ်းရေးအစီအစဉ်ကို အမေရိကန်ကလက်ခံဖို့တိုက်တွန်းနေပြီး တဖက်မှာလည်း ဟော်မုဇ်ရေလက်ကြားတစ်လျှောက်က သူတို့ရဲ့ဒုံးကျည်အခြေစိုက်စခန်းတွေကို ပြန်ပြီးအသင့်ပြင်ထားတယ်လို့ သတင်းတွေ ထွက်နေပါတယ်။
အမေရိကန်ထောက်လှမ်းရေးအဆိုအရ အီရန်မှာဒုံးကျည်ပစ်လွှတ်စင်တွေ အများအပြားရှိနေသေးတယ်လို့ သိရပါတယ်။
စစ်ပွဲကြောင့် ကမ္ဘာ့စွမ်းအင်တင်ပို့မှုတွေထိခိုက်နေပြီး ကာတာနိုင်ငံကလည်း အီရန်အနေနဲ့ဟော်မုဇ်ရေလက်ကြားကို လက်နက်သဖွယ် အသုံးမပြုဖို့သတိပေးထားပါတယ်။
တဖက်မှာလည်း သြစတြေးလျကပြင်သစ်နဲ့ ဗြိတိန်တို့ ဦးဆောင်တဲ့ ရေကြောင်းလုံခြုံရေးအဖွဲ့မှာ ပါဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။
အမေရိကန်မှာ စစ်ပွဲကြောင့် ကုန်စျေးနှုန်းတွေတက်နေပေမဲ့ ထရန့်ကတော့စစ်ပွဲပြီးသွားရင် ဆီစျေးနဲ့ကုန်စျေးနှုန်းတွေ ပြန်ကျသွားလိမ့်မယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အမေရိကန် ကာကွယ်ရေးဝန်ကြီးကတော့ အခုစစ်ပွဲအတွက် ၇၄ ရက်အတွင်း ဒေါ်လာ ၂၉ ဘီလီယံလောက် အသုံးပြုထားရပြီလို့ ထုတ်ပြောထားပါတယ်။
အစ္စရေးနဲ့လက်ဘနွန်ကြားမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေပြီး ဟစ်ဇ်ဘိုလာအဖွဲ့ကတော့ အပစ်ရပ်ရေး ဆွေးနွေးပွဲတွေမှာ သူတို့ရဲ့လက်နက်စွန့်လွှတ်ရေးကိစ္စကို ထည့်သွင်းဆွေးနွေးမှာမဟုတ်ဘူးလို့ ပြတ်ပြတ်သားသားပြောထားပါတယ်။






