Border News Agency
ထိုင်း၊မေ ၁၃။
မြန်မာနိုင်ငံဘက်ကိုမီးစက်တွေနဲ့ လျှပ်စစ်ထိန်းချုပ်မှုစနစ်တွေ တရားမဝင် မှောင်ခိုပို့ဖို့ ကြိုးစားတဲ့ ထိုင်းနိုင်ငံသား ၃ ဦးကို ထိုင်းတပ်ဖွဲ့က မေလ ၁၂ ရက်၊ညပိုင်းမှာ ဖမ်းဆီးလိုက်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်အနီးက ဆန်ခလာဘူရီ-ဘုရားသုံးဆူ နယ်စပ်ဂိတ်လမ်းပေါ်မှာ ဖမ်းမိတာပါ။
အဲဒီဖမ်းမိတဲ့ ကုန်တင်ယာဉ် ၃ စီးပေါ်မှာ ဒီဇယ်အင်ဂျင်သုံး မီးစက် ၂ လုံးနဲ့ Control Cabinet ၄ လုံး ပါလာပြီး အားလုံးပေါင်း တန်ဖိုးက ဘတ် ၁၀ သန်းလောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။
အဲဒီမီးစက်တွေပေါ်မှာ တရုတ်စာတန်းတွေ ရေးထားတာကိုလည်းတွေ့ရပါတယ်။
ထိုင်းတပ်ဖွဲ့က အကောက်ခွန်ဆိုင်ရာ အထောက်အထားတွေ ပြခိုင်းတဲ့အခါမှာတော့ ယာဉ်မောင်းတွေက ဘာစာရွက်စာတမ်းမှ ထုတ်မပြနိုင်ခဲ့ဘူးလို့သိရပါတယ်။
အဲဒီ ယာဉ်မောင်းတွေကို စစ်ဆေးကြည့်တဲ့အခါမှာလည်း သူတို့ကို ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတခုက ငှားရမ်းခဲ့တာဖြစ်ပြီး ကန်ချနဘူရီကနေဘုရားသုံးဆူ နယ်စပ်ဂိတ်နားက ဖောက်သည်တဦးဆီ ပို့ခိုင်းတာလို့ ဝန်ခံထားပါတယ်။
အဲဒါကြောင့် ရဲတပ်ဖွဲ့က ဒီဖြစ်စဉ်မှာ ပါဝင်နေတဲ့ ပို့ဆောင်ရေး ကုမ္ပဏီပိုင်ရှင်တွေအထိ ဆက်ပြီး ဖော်ထုတ်စစ်ဆေးသွားမယ်လို့ သိရပါတယ်။














