Border News Agency
တအာင်း၊မေ ၁၃။
ကြွက်ကတဆင့် ကူးစက်တတ်ပြီး ကျောက်ကပ်နဲ့ အသက်ရှူလမ်းကြောင်းကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်တဲ့ ဟန်တာဗိုင်းရပ်စ် (Hantavirus) အန္တရာယ်ကို သတိပြုကြဖို့ တအာင်းပြည်ကျန်းမာရေးကောင်စီ (THC) ကမေလ ၁၃ ရက်၊ဒီနေ့မှာ နှိုးဆော်လိုက်ပါတယ်။
အဲဒီရောဂါဟာ အသက်အန္တရာယ်ရှိနိုင်တဲ့အထိ စိုးရိမ်ရတာကြောင့် အထူးသတိထားဖို့ လိုအပ်နေတာပါ။
ဒီဗိုင်းရပ်စ်ဟာကြွက်ရဲ့ ဆီး၊ အညစ်အကြေးနဲ့ တံတွေးတွေကနေတစ်ဆင့် ကူးစက်တာဖြစ်ပြီး ကူးစက်ခံရရင် အဆုတ်၊ ကျောက်ကပ်နဲ့ အသက်ရှူလမ်းကြောင်းတွေကို ပျက်စီးစေနိုင်ပါတယ်။
ရောဂါလက္ခဏာတွေအနေနဲ့ ဖျားတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ ဗိုက်အောင့်တာ၊ ပျို့အန်တာနဲ့ အသက်ရှူရခက်ခဲတာတွေ ဖြစ်တတ်တယ်လို့ WHO Myanmar ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။
အဲဒီရောဂါအတွက် လက်ရှိမှာထိရောက်တဲ့ ကာကွယ်ဆေး မရှိသေးတာကြောင့် ရောဂါသံသယရှိရင်အနားယူတာ၊ ရေဓာတ်ဖြည့်တင်းတာနဲ့ လက္ခဏာပေါ်မူတည်ပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို သေသေချာချာ ခံယူသင့်ပါတယ်။
ရောဂါကာကွယ်ဖို့အတွက် အိမ်တွေနဲ့ ဂိုဒေါင်တွေကို သန့်ရှင်းအောင်ထားဖို့၊ ကြွက်ဝင်နိုင်တဲ့ အပေါက်တွေကို ပိတ်ထားဖို့ လိုအပ်ပါတယ်။
အဲဒီထဲ အထူးသဖြင့် ကြွက်အညစ်အကြေးတွေကို သန့်ရှင်းရေးလုပ်တဲ့အခါ နှာခေါင်းစည်းနဲ့ လက်အိတ်တွေကို မဖြစ်မနေ အသုံပြုရမှာဖြစ်ပါတယ်။
ပြည်သူတွေအနေနဲ့ အလွန်အမင်းစိုးရိမ်တာမျိုးမဖြစ်ဘဲ ကာကွယ်ရေးနည်းလမ်းတွေနဲ့ ကျန်းမာရေး အကြံပြုချက်တွေကို သေချာလေ့လာထားကြဖို့ THC က တိုက်တွန်းထားပါတယ်။
ရောဂါစောင့်ကြပ်ကြည့်ရှုတာတွေကိုလည်း ဆက်ပြီးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။











