Border News Agency
ရာမူး၊မေ ၁၇။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ရာမူးမြို့နယ်မှာ မေလ ၁၆ ရက်နေ့က စိတ်ကြွဆေးပြား ၁ သိန်း ၂ သောင်းနီးပါးကို ခန္ဓာကိုယ်မှာပတ်ပြီး သယ်လာတဲ့ အမျိုးသမီး မူးယစ်မှောင်ခို ၃ ဦးကို RAB-15 တပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
အဲဒီဖမ်းဆီးရမိသူတွေဟာ အသက် ၂၆ နှစ်၊ ၃၅ နှစ်နဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတွေဖြစ်ပြီး သူတို့ဟာ အာဏာပိုင်တွေရဲ့ မျက်စိလွှဲဖို့ အဖွဲ့အစည်းလိုက် လှုပ်ရှားနေတဲ့ အမျိုးသမီး မူးယစ်ဂိုဏ်းဝင်တွေ ဖြစ်တယ်လို့ဆိုပါတယ်။
နယ်စပ်ကနေ အော်တိုရစ်ရှောနဲ့ လာတဲ့ အမျိုးသမီးနှစ်ဦးကို စစ်ဆေးရေးဂိတ်မှာ ဖမ်းမိရာကနေ သူတို့ရဲ့ခန္ဓာကိုယ်မှာ စကော့တိပ်နဲ့ ပတ်ထားတဲ့ စိတ်ကြွဆေးထုပ် ၃၈ ထုပ်ကို ကနဦး ရှာဖွေတွေ့ရှိခဲ့တာပါ။
အဲဒီအပြင်ရာမူးဈေးအနီးမှာ နောက်ထပ် အမျိုးသမီးကြီးတဦးကို ထပ်မံဖမ်းဆီးနိုင်ခဲ့ပြီး သူ့ဆီကနေ ၂၂ ထုပ် ထပ်မံသိမ်းဆည်းရမိတာကြောင့် စုစုပေါင်း စိတ်ကြွဆေးထုပ် ၆၀ အထိ သိမ်းဆည်းရမိခဲ့ပါတယ်။
သူတို့ဟာ နယ်စပ်ကနေ ကော့စ်ဘဇားနဲ့ တခြားမြို့ကြီးတွေကို မူးယစ်ဆေးဝါး လက်ကားဖြန့်ဖြူးနေတာ ကြာပြီလို့ ဝန်ခံထားပြီး လက်ရှိမှာတော့ ရာမူးရဲစခန်းဆီ လွှဲပြောင်းကာ အမှုဖွင့်အရေးယူထားပါတယ်။






