Border News Agency
နေပြည်တော်၊ သြဂုတ် ၁၅။
ရခိုင်ကလူဦးရေငါးသိန်းလေးသောင်းကျော်သာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နေရပ်စွန့်ခွာသွားခဲ့ကတယ်လို့ အာဏာသိမ်းစစ်တပ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သြဂုတ်လ ၁၅ ရက်နေ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီရသေ့တောင်၊ဘူးသီးတောင်၊မောင်တောမှာ လူဦးရေခုနှစ်သိန်းလေးသောင်းကျော်ရှိခဲ့ပြီး ငါးသိန်းလေးသောင်းသာနေရပ်စွန့်ခွာသွားကြတာလို့ နိုင်ငံခြားရေးဝန်ကြီးဌာနကဆိုပါတယ်။
သူတို့ဟာ ၂၀၁၆နဲ့ ၂၀၂၇ ခုနှစ်မှာ အာဆာတွေရဲ့အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် နေရပ်စွန့်သွားကြတာလို့ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ နေရပ်စွန့်ခွာလာသူလူဦးရေရှစ်သိန်းနှစ်သောင်းကျော်ကို မြန်မာကိုပို့ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီရှစ်သိန်းနှစ်သောင်းကျော်ထဲက လေးသိန်းနှစ်သောင်းကျော်ကို မြန်မာကစစ်ခဲ့ပြီးသုံးသိန်းကျော်သာနေထိုင်ခဲ့ကြောင်းအထောက်အထားတွေ့ရတယ်လို့ ဆိုပါတယ်။
အဲဒီသုံးသိန်းကျော်ထဲမှာ အကြမ်းဖက်လုပ်ရပ်တွေကျူးလွန်ခဲ့သူလေးထောင်နှစ်ရာကျော်ဝင်ပါပြီး ရခိုင်မှာနေထိုင်ကြောင်းအထောက်အထားမတွေ့ရသူ တသိန်းတသောင်းကျော်စစ်ဆေးတွေ့ရတယ်လို့ထုတ်ပြန်ပါတယ်။
ဒါပေမယ့်နိုင်ငံတကာအသိုင်းအဝိုင်းက လူဦးရေတသန်းကျော်ရှိတယ်ဆိုတာဟာမှားနေတယ်လို့ အာဏာသိမ်းစစ်တပ်ကဆိုပါတယ်။
အဲဒီဒုက္ခသည်တွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ရိုဟင်ဂျာလို့ဆိုပေမယ့် အာဏာသိမ်းစစ်တပ်ကတော့ ဘင်္ဂလီလို့သာသုံးနှုန်းပါတယ်။
အဲဒီဒုက္ခသည်တွေကို အာရက္ခတပ်တော်(AA)က မွတ်ဆလင်လို့သုံးနှုန်းပြီး ပြန်လက်ခံမယ့်နေရာအားလုံးကို အာရက္ခတပ်တော်က ထိန်းချုပ်ထားပါတယ်။







