Border News Agency
ပါလက်စတိုင်း၊မေ ၂၀။
ပါလက်စတိုင်းနိုင်ငံ၊ ဂါဇာကမ်းမြောင်ဒေသကို သွားနေတဲ့ နိုင်ငံတကာ ကူညီကယ်ဆယ်ရေး သင်္ဘောအုပ်စုထဲက သင်္ဘော ၄၁ စီးကို အစ္စရေးစစ်တပ်က မြေထဲပင်လယ်အရှေ့ပိုင်း နိုင်ငံတကာရေပိုင်နက်ထဲမှာ ဝင်စီးလိုက်တယ်လို့ Global Sumud Flotilla အဖွဲ့ကမေလ ၁၉ ရက်နေ့မှာပြောပါတယ်။
အခုလောလောဆယ်မှာတော့ ကျန်တဲ့ ကူညီကယ်ဆယ်ရေးသင်္ဘော ၁၀ စီးက ဂါဇာကမ်းခြေနဲ့ ရေမိုင် ၁၂၁ မိုင် (၂၂၄ ကီလိုမီတာ) အကွာရှိတဲ့ ပင်လယ်ပြင်ကနေ ဂါဇာဒေသဘက်ကို ဆက်ပြီး မောင်းနေတုန်းပဲလို့ သိရပါတယ်။
အဲဒီကယ်ဆယ်ရေးအဖွဲ့ဟာ ဂါဇာဒေသကို အစ္စရေးက ပိတ်ဆို့ထားတာကို စိန်ခေါ်ဖို့အတွက် ပြီးခဲ့တဲ့အပတ်က တူရကီနိုင်ငံ မာမာရစ်ဆိပ်ကမ်းမြို့ကနေ သင်္ဘောအစင်းရေ ၅၀ ကျော်နဲ့ ထွက်လာခဲ့တာပါ။
ဒါပေမယ့် မေလ ၁၈ ရက်နေ့မှာ ဆိုက်ပရပ်စ်ကမ်းလွန် နိုင်ငံတကာရေပိုင်နက်ထဲ ရောက်နေတုန်း အစ္စရေးစစ်တပ်က အတင်းဝင်စီးပြီး သင်္ဘောပေါ်ပါလာတဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းခေါ်သွားတာ ဖြစ်ပါတယ်။
အဲဒီလုပ်ရပ်အပေါ် တူရကီ၊စပိန်၊ ဂျော်ဒန်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ အင်ဒိုနီးရှား၊ ကိုလံဘီယာ၊လစ်ဗျားနဲ့ မော်လ်ဒိုက် စတဲ့ ၁၀ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေကပူးတွဲကြေညာချက်ထုတ်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။
အစ္စရေးစစ်တပ်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာဥပဒေတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့လည်း ထောက်ပြထားပါတယ်။
ဒါ့အပြင် ပူးတွဲထုတ်ပြန်ချက်ထဲမှာ ကယ်ဆယ်ရေးအဖွဲ့ထဲ ပါလာတဲ့ အရပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် အများကြီး စိုးရိမ်ရပြီး၊ ဖမ်းခံထားရတဲ့ တက်ကြွလှုပ်ရှားသူအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ အလေးအနက် တောင်းဆိုထားပါတယ်။
အစ္စရေးမီဒီယာတွေကတော့ ဒါဟာ ဂါဇာဆီဦးတည်တဲ့ သင်္ဘောအုပ်စုတွေကို ကြားဖြတ်တားဆီးတဲ့ နှစ်ပေါင်းများစွာအတွင်း အကြီးဆုံး ရေတပ်စစ်ဆင်ရေးတခုပဲလို့ ဖော်ပြကြပါတယ်။
အဲဒီဖမ်းခံရသူတွေထဲမှာ အိုင်ယာလန်သမ္မတ ကတ်သရင်း ကွန်နိုလီရဲ့ ညီမဖြစ်သူ ဒေါက်တာ မာဂရက် ကွန်နိုလီလည်း ပါနေလို့ သမ္မတ ကွန်နိုလီက အများကြီး စိုးရိမ်မိတယ်လို့ ဗြိတိန်ခရီးစဉ်အတွင်း ပြောထားပါတယ်။
တဖက်မှာလည်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ကယ်ဆယ်ရေးအဖွဲ့အနေနဲ့ ဒီမစ်ရှင်ကို ချက်ချင်းဖျက်သိမ်းပြီး လမ်းကြောင်းပြောင်း ပြန်လှည့်ကြဖို့ မေလ ၁၈ ရက် ညနေပိုင်းကတည်းက သတိပေးထားခဲ့တာ ဖြစ်ပါတယ်။






