Border News Agency
တအာင်း၊မေ ၂၀။
တအာင်းပြည်အတွင်း ကျေးရွာတွေနဲ့အနီးပတ်ဝန်းကျင်တွေမှာကြက်၊ဝက် စတဲ့ အိမ်မွေးတိရစ္ဆာန်တွေ အစုလိုက်အပြုံလိုက် ရုတ်တရက် သေဆုံးမှုတွေ ဖြစ်ပွားနေရင် အထူးသတိပြုကြဖို့နဲ့နီးစပ်ရာ ကျန်းမာရေးဌာနတွေကို အမြန်ဆုံးသတင်းပေးပို့ကြဖို့ တအာင်းပြည်ကျန်းမာရေးကောင်စီ (THC) က တိုက်တွန်းနှိုးဆော်ထားပါတယ်။
ဒါ့အပြင် ကလေးငယ်တွေအပါအဝင် လူအများအပြားမှာ တူညီတဲ့ရောဂါလက္ခဏာတွေနဲ့ အစုလိုက်အပြုံလိုက် ၅ ဦးနဲ့အထက် နာမကျန်းဖြစ်တာ၊ပုံမှန်မဟုတ်တဲ့ကျန်းမာရေးဆိုင်ရာ ဖြစ်စဉ်တွေ ကြုံတွေ့ရရင်သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေဆီ ချက်ချင်းအသိပေး အကြောင်းကြားကြဖို့ THC က အသိပေးထားပါတယ်။
အဲဒီလို အစုလိုက်အပြုံလိုက် သေဆုံးနေတဲ့ တိရစ္ဆာန်တွေနဲ့ပတ်သက်ပြီးပြည်သူတွေအနေနဲ့ သေဆုံးနေတဲ့ကြက်၊ ဝက်တွေကို သွားရောက်ကိုင်တွယ်တာ၊ချက်ပြုတ်စားသောက်တာနဲ့ ရောင်းချတာတွေကို လုံးဝမပြုလုပ်ကြဖို့ အထူးလိုအပ်တယ်လို့ ဆိုပါတယ်။
အဲဒီသေဆုံးသွားတဲ့ တိရစ္ဆာန်တွေကို စွန့်ပစ်ဖျက်ဆီးရာမှာလည်း ရောဂါကူးစက်မှု မရှိစေရေးအတွက် နှာခေါင်းစည်း (Mask)၊လက်အိတ် စတဲ့အကာအကွယ်ပစ္စည်းတွေကို စနစ်တကျ အသုံးပြုပြီး မြေမြှုပ်ဖျက်ဆီးကြဖို့ THC က အကြံပြုထားပါတယ်။
တအာင်းပြည်ကျန်းမာရေးကောင်စီ (THC) အနေနဲ့အခုလို တိရစ္ဆာန်တွေကတဆင့် ဖြစ်ပွားလာနိုင်တဲ့ ကူးစက်ရောဂါတွေကို ကြိုတင်ကာကွယ်နိုင်ဖို့နဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးလုံခြုံမှုကို ထိန်းသိမ်းနိုင်ဖို့အတွက် ကျန်းမာရေးအသိပညာပေး လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။




