Border News Agency
မောင်တော၊ မေ ၂၅။
အာရက္ခဒေသမှာ မိုးရာသီကာလအတွင်းရေလမ်းအန္တရာယ်နဲ့ ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့အတွက် ပြည်သူတွေလိုက်နာရမယ့် ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ပို့ဆောင်ရေးဌာနက မေလ ၂၅ ရက်၊ ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အဲဒီရေလမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရန် ၅ ချက်၊ ရှောင်ရန် ၅ ချက်နဲ့ မိုးရာသီ ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရန် ၅ ချက်၊ ရှောင်ရန် ၅ ချက် စုစုပေါင်း အချက် ၂၀ ပါဝင်ပါတယ်။
ရေလမ်းခရီးသွားလာရာမှာ လိုက်နာရမယ့်ဆောင်ရန်အချက်တွေအနေနဲ့ ရာသီဥတုသတင်းကို အမြဲနားထောင်ဖို့၊အသက်ကယ်အင်္ကျီ ဝတ်ဆင်ဖို့၊ ရေယာဉ်ရပ်တန့်မှုကို စောင့်ဆိုင်းပြီးမှ အတက်အဆင်းပြုလုပ်ဖို့၊ အသက်ကယ်ပစ္စည်းတွေအဆင်သင့်ထားရှိဖို့နဲ့ တံတားထက်မှာ သတိနဲ့သွားလာဖို့ဖော်ပြထားပါတယ်။
အဲဒီအပြင်မိုးသက်လေပြင်းကျနေစဉ် ရေယာဉ်မထွက်ဖို့၊ ကုန်နဲ့ခရီးသည် အလွန်အကျွံမတင်ဖို့၊ ရေယာဉ်ပေါ်မှာ လှုပ်လှုပ်ရှားရှား မလုပ်ဖို့၊ လုယက်ပြီး အတက်အဆင်း မလုပ်ဖို့နဲ့ ရေကြောင်းခရီးသွားလာရာမှာ အရက်သေစာ သောက်စားတာကို ရှောင်ကြဉ်ဖို့ ဖြစ်ပါတယ်။
နောက်ပြီး ယာဉ်ကြံ့ခိုင်မှုကိုကြိုတင်စစ်ဆေးဖို့၊ အရှိန်လျှော့မောင်းဖို့၊ မိုးသည်းထန်စွာ ရွာသွန်းရင်ရှေ့မီးကြီးဖွင့်မောင်းဖို့၊ ဘေးကင်းတဲ့ အကွာအဝေးကိုထိန်းသိမ်းမောင်းနှင်ဖို့နဲ့ မှန်ကိုကြည်လင်အောင် သုတ်ထားဖို့ပါဝင်ပါတယ်။
ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ရှောင်ကြဉ်ရမယ့်အချက်တွေကတော့ အရေးပေါ်အချက်ပြမီးကို အလဟဿ မဖွင့်ဖို့၊ ရေတင်ကျန်နေတဲ့လမ်းတွေကို အရှိန်ပြင်းစွာမဖြတ်ဖို့၊ အန္တရာယ်ရှိတဲ့ ရေကြီးရေလျှံလမ်းတွေမဖြတ်သန်းဖို့၊ဘရိတ်ကို ဆောင့်မအုပ်ဖို့နဲ့ ကားမောင်းနေစဉ် ဖုန်းအသုံးပြုတာ၊ စိတ်အာရုံပျံ့လွင့်တာတွေမဖြစ်စေဖို့ဖြစ်ပါတယ်။
ဒေသခံပြည်သူတွေအနေနဲ့ မိုးရာသီရေလမ်းအန္တရာယ်ကိုအတူတကွ ပူးပေါင်းကာကွယ်ကြဖို့နဲ့ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကိုလိုက်နာပြီး အန္တရာယ်ကင်းစွာသွားလာကြဖို့ ပို့ဆောင်ရေးဌာကတိုက်တွန်းထားပါတယ်။





