Border News Agency
စစ်ကိုင်း၊ မေ ၂၅။
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ဆားတွင်းကျေးရွာဘုန်းကြီးကျောင်းနဲ့ စစ်ဘေးရှောင်တဲစခန်းတွေကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၄ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးသွားတယ်လို့ ဝန်းသိုမြို့နယ် ပကဖက ထုတ်ပြန်ပါတယ်။
အဲဒီဆားတွင်းကျေးရွာဘုန်းကြီးကျောင်းနဲ့ စစ်ဘေးရှောင်စခန်းတွေကို မေလ ၂၃ ရက်နေ့က အာဏာသိမ်းစစ်တပ် ဗုံး ၄ လုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်လို့ အသက် ၁၄ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးခဲ့ရသလို အခြား ၁၄ နှစ်အရွယ် ကလေးငယ် ၂ ဦးမှာလည်း ခြေထောက်နဲ့ ဦးခေါင်းမှာ ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင်ကျောင်းထိုင်ဆရာတော် ဥူးတေစိန္ဒမှာလည်း ဦးခေါင်းရှပ်ထိဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဝန်းသိုမြို့နယ်အတွင်း အကြီးဆုံးဖြစ်တဲ့ ဆားတွင်းကျေးရွာဘုန်းကြီးကျောင်း သိမ်တော်ကြီး၊ ကျောင်းအတွင်းရှိ စားဖိုဆောင်နဲ့ စစ်ဘေးရှောင်တဲစခန်းတွေပျက်စီးခဲ့တယ်လို့လည်းဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်ပြည်သူတွေအနေနဲ့ လေကြောင်းရန် ကာကွယ်ရေးသတိပေးချက်တွေကို အမြဲမပြတ်သတိထားနေထိုင်ကြဖို့ ဝန်းသိုမြို့နယ် ပကဖက တိုက်တွန်းထားပါတယ်။













