Border News Agency
ဖိလစ်ပိုင်၊ မေ ၂၅။
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်မြောက်ပိုင်း အန်ဂျလိစ်မြို့မှာ ဆောက်လုပ်ဆဲ အထပ်မြင့်အဆောက်အအုံတလုံး ပြိုကျလို့ လက်ရှိအချိန်အထိ သေဆုံးသူ ၃ ဦးရှိလာပြီး အပျက်အစီးတွေအောက်မှာ ၁၇ ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီအဆောက်အအုံအပျက်အစီးတွေထဲကနေ မေလ ၂၄ ရက်နေ့က ပြိုကျခဲ့တဲ့ ကယ်ဆယ်ရေးသမားတွေက လူ ၂ ဦးကို ထပ်မံဆွဲထုတ်နိုင်ခဲ့ပေမယ့် နှလုံးရပ်တန့်တာနဲ့ ရရှိထားတဲ့ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့ရတာဖြစ်တယ်လို့ မီးသတ်ဦးစီးဌာနရဲ့ သတင်းပြန်ကြားရေးအရာရှိ Maria Leah Sajili က တနင်္လာနေ့မှာ အတည်ပြုပြောကြားထားပါတယ်။
အဲဒီအပြင် အပျက်အစီးတွေအောက်မှာ ပိတ်မိနေတဲ့နောက်ထပ်ရုပ်အလောင်းတခုကိုလည်း ဆွဲထုတ်ဖို့ကြိုးပမ်းနေကြပါတယ်။
အဲဒီကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ အပူလှိုင်းရှာဖွေရေးကိရိယာတွေကို အသုံးပြုပြီး ရှာဖွေရာမှာ အပျက်အစီးတွေအောက်ကနေ အသက်ရှူသံနဲ့ နှလုံးခုန်သံတွေကို စမ်းသပ်တွေ့ရှိထားတာကြောင့် အသက်ရှင်ကျန်ရစ်သူတွေ ရှိနေနိုင်သေးတယ်လို့ ယူဆရပါတယ်။
အဆောက်အအုံပြိုကျရတဲ့ အကြောင်းရင်းကိုတော့ အတိအကျမသိရသေးပေမယ့် အန်ဂျလိစ်မြို့တော်ဝန် Carmelo Lazatin က အဆောက်အအုံပိုင်ရှင်ကို ရှာဖွေစုံစမ်းနေပြီး လုပ်ငန်းခွင်ဝင်နေတဲ့ အလုပ်သမားအရေအတွက် အတိအကျကိုအတည်ပြုနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
အဲဒီဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်သမား ၇၀ ခန့်ရှိပြီး အများစုမှာ ပိတ်ရက်ဖြစ်တာကြောင့် အိမ်ပြန်သွားကြပေမယ့် လက်ရှိပျောက်ဆုံးနေသူ ၁၇ ဦးလုံးကတော့ တာဝန်ကျနေတဲ့ ဆောက်လုပ်ရေးအလုပ်သမားတွေ ဖြစ်တယ်လို့ သိရပါတယ်။





