Border News Agency
ထိုင်း၊ မေ ၂၅။
ရွှေ့ပြောင်းအလုပ်သမားတွေကို မှတ်ပုံတင်တဲ့နေရာမှာ ကျန်းမာရေးထောက်ခံစာအတုတွေ အသုံးပြုတာမျိုးမလုပ်ဖို့ ထိုင်းအစိုးရက အလုပ်ရှင်တွေကို သတိပေးလိုက်ပြီး ဥပဒေချိုးဖောက်ကြောင်းတွေ့ရင် ဘယ်သူ့ကိုမဆို ဥပဒေအရထိရောက်စွာအရေးယူသွားမယ်လို့ ပြောပါတယ်။
အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ Patdarasm Thongsaluaykorn ရဲ့ ပြောကြားချက်အရ လိုင်စင်မရှိတဲ့ဆေးခန်းတချို့ဟာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ကျန်းမာရေးထောက်ခံစာတွေကို တရားမဝင်ထုတ်ပေးနေတာကို အာဏာပိုင်တွေက စုံစမ်းတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ရောဂါရှိ၊ မရှိ ကျန်းမာရေးစစ်ဆေးမှု မဖြစ်မနေခံယူရမှာဖြစ်ပြီး အစိုးရဆေးရုံတွေ ဒါမှမဟုတ် ခွင့်ပြုချက်ရရှိထားတဲ့ ပုဂ္ဂလိကဆေးဘက်ဆိုင်ရာ စင်တာတွေကနေ ထုတ်ပေးတဲ့ထောက်ခံစာကိုသာ ရယူရမှာ ဖြစ်ပါတယ်။
ခုအချိန်မှာ ခွင့်ပြုချက်ရရှိထားတဲ့ ပုဂ္ဂလိကဆေးဘက်ဆိုင်ရာ စင်တာ ၆၃ ခုဟာ အစိုးရဌာနရဲ့ အွန်လိုင်းစိစစ်ရေးစနစ်နဲ့ ချိတ်ဆက်ထားပြီး ဖြစ်ပါတယ်။
အလုပ်ရှင်တွေအနေနဲ့ မိမိတို့အလုပ်သမားတွေရဲ့ ဆေးထောက်ခံစာဟာ ခွင့်ပြုချက်ရထားတဲ့ စင်တာကဟုတ်၊ မဟုတ်ကို ပြည်နယ်အလုပ်အကိုင်ရှာဖွေရေးရုံးတွေ ဒါမှမဟုတ် နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲရေးရုံးကနေတဆင့် စစ်ဆေးနိုင်တယ်လို့ သိရပါတယ်။
အဲဒီအာဏာပိုင်တွေအနေနဲ့ ကျန်းမာရေးထောက်ခံစာအတု ပြုလုပ်တာတွေကို ပစ်မှတ်ထားပြီး စစ်ဆေးမှုတွေတိုးမြှင့်လုပ်ဆောင်နေသလို အများပြည်သူ တိုင်ကြားနိုင်ဖို့အတွက် တိုင်ကြားစာလက်ခံရေးစင်တာတခုကိုလည်း ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။





