Border News Agency
အမေရိကန်၊ မေ ၂၅။
အမေရိကန် – အစ္စရေးနဲ့ အီရန်တို့ကြားဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်ဖို့ ငြိမ်းချမ်းရေးဆွေးနွေးမှုဆိုင်ရာ မျှော်လင့်ချက်အလားအလာတွေ ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းတွေ သိသိသာသာပြန်လည်ကျဆင်းသွားတယ်လို့ သိရပါတယ်။
ကမ္ဘာ့ရေနံဈေးကွက်ရဲ့ အဓိကစံညွှန်းဖြစ်တဲ့ ဘရန့်ဒ်စိမ်း (Brent crude) ရေနံဈေးနှုန်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ၅ ရာခိုင်နှုန်းကျော်အထိ ကျဆင်းသွားခဲ့ပြီး ဇူလိုင်လအတွက် ကြိုတင်ရောင်းဝယ်မှုဈေးနှုန်းဟာ တစည်ကို ၉၇.၉၄ ဒေါ်လာအထိ ရှိခဲ့ပါတယ်။
ဒါဟာပြီးခဲ့တဲ့လကထက် ၉ ရာခိုင်နှုန်းခန့် ကျဆင်းသွားတာဖြစ်ပေမယ့် စစ်ပွဲမစတင်မီကာလနဲ့ နှိုင်းယှဉ်ရင်တော့ သုံးပုံတစ်ပုံကျော် ပိုမိုမြင့်မားနေဆဲ ဖြစ်ပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အီရန်နဲ့ဆွေးနွေးမှုတွေဟာ စနစ်တကျနဲ့အပြုသဘောဆောင်တဲ့ လမ်းကြောင်းပေါ်မှာရှိနေပေမယ့် သဘောတူညီချက်ရဖို့အလောတကြီးမလုပ်ကြဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကတဆင့် ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်းစနေနေ့က ထရန့်ရဲ့ ထုတ်ပြန်ချက်ထဲမှာဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးအပါအဝင် အချက်အလက်အများစုကိုအကြမ်းဖျင်း ညှိနှိုင်းပြီးလို့ပြောကြားခဲ့တာကြောင့် ဈေးကွက်အတွင်း မျှော်လင့်ချက်တွေမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
အီရန်နိုင်ငံဟာ ဖေဖော်ဝါရီလနှောင်းပိုင်း စစ်ပွဲစတင်ကတည်းက ကမ္ဘာ့ရေနံကုန်သွယ်မှုရဲ့ ငါးပုံတစ်ပုံခန့်ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားခဲ့တာ ဖြစ်ပါတယ်။
စင်ကာပူအခြေစိုက် Sparta မှ ရေနံဈေးကွက်ကျွမ်းကျင်သူ ဂျွန်ဂိုး (June Goh) ရဲ့ အဆိုအရ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ထားမှုကြောင့် တရက်ကို ရေနံစိမ်းစည်ပေါင်း ၁၀ သန်းမှ ၁၁ သန်းအထိ ပြတ်တောက်နေပေမယ့် သဘောတူညီချက်ရရင် ပိတ်မိနေတဲ့ သင်္ဘောတွေမှ ရေနံစိမ်းစည်ပေါင်း သန်း ၁၀၀ ခန့် ဈေးကွက်ထဲသို့ ပြန်လည်စီးဝင်လာဖို့ မျှော်လင့်နေကြတယ်လို့ဆိုပါတယ်။
တဖက်မှာလည်း ရေနံဈေးနှုန်းကျဆင်းမှုနဲ့ စစ်ပွဲအဆုံးသတ်နိုင်မယ့် မျှော်လင့်ချက်တွေကြောင့် ဂျပန်နိုင်ငံရဲ့ Nikkei 225 စတော့အညွှန်းကိန်းဟာ ဒီနေ့မနက်ပိုင်း ရောင်းဝယ်မှုမှာ ၃ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး သမိုင်းတလျှောက် အမြင့်ဆုံးစံချိန်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။






