Border News Agency
အိန္ဒိယ၊ဇွန် ၂။
အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့ခရီးစဉ်အတွင်း နှစ်နိုင်ငံလမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာရင်ဒေသတွင်းမှာ အပြန်အလှန်အကျိုးရှိစေမယ့် စီးပွားရေးချိတ်ဆက်မှုတွေနဲ့အတူ နှစ်နိုင်ငံစလုံး စည်ပင်ထွန်းကားလာမှာဖြစ်တယ်လို့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ပြောကြားခဲ့ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသတွင်းစီးပွားရေးအရ အရေးပါလှတဲ့ ကုလားတန်မြစ်ကြောင်းဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းကို အမြန်ဆုံးအပြီးသတ်နိုင်ဖို့အတွက် နှစ်ဖက်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ကြပါတယ်။
ဒါပေမယ့် မြေပြင်အခြေအနေမှာတော့ ကုလားတန်စီမံကိန်းရဲ့ အဓိကအချက်အချာကျတဲ့ စစ်တွေဆိပ်ကမ်းဟာ စစ်ရေးပဋိပက္ခနဲ့ ရင်ဆိုင်နေရပါတယ်။
အာရက္ခတပ်တော် (AA)ဟာ ပလက်ဝမြို့နယ်အပါအဝင် ကုလားတန်စီမံကိန်းလမ်းကြောင်းတလျှောက်လုံးနီးပါးကို စိုးမိုးထိန်းချုပ်ထားပါတယ်။
အဲဒီစစ်တွေမြို့အနီးမှာအာဏာသိမ်းစစ်တပ်နဲ့ အာရက္ခတပ်တော်ကြား တိုက်ပွဲတွေ မကြာခဏဖြစ်နေတာမို့စီမံကိန်းနယ်မြေတခုလုံးဟာတည်ငြိမ်မှုမရှိဘဲ လုံခြုံရေးအရ စိုးရိမ်နေရပါတယ်။
အိန္ဒိယအစိုးရဟာ မြေပြင်မှာ နယ်မြေစိုးမိုးမှုမရှိတော့တဲ့ အာဏာသိမ်းစစ်တပ်နဲ့ စီမံကိန်းအပြီးသတ်ရေး ဆွေးနွေးနေပေမယ့် တကယ့်လက်တွေ့မှာတော့ အာရက္ခတပ်တော်နဲ့ညှိနှိုင်းဆောင်ရွက်တာမရှိရင် စီမံကိန်းအကောင်အထည်ဖော်ဖို့မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသူတွေကသုံးသပ်နေကြပါတယ်။






