Border News Agency
ထိုင်း၊ဇွန် ၂။
ထိုင်း-လာအိုနယ်စပ်တလျှောက် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွေကို နှိမ်နင်းဖို့အတွက် ထိုင်းတော်ဝင်ကြည်းတပ် အမှတ် ၂၃ ခြေလျင်တပ်ရင်းအပါအဝင် ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ယူဘွန်ရတ်ချာသနီခရိုင်၊ အုန်းဘာရတ်ချ် မြို့နယ်အတွင်းမှာ စိတ်ကြွဆေးပြား ၃၁၆,၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီ မူးယစ်ဆေးဝါးတွေ မှောင်ခိုသယ်ဆောင်လာမယ့် ကြိုတင်သတင်းရရှိခဲ့တာကြောင့် စူရနာရီအထူးတပ်ဖွဲ့ နဲ့ ဒေသခံရဲတပ်ဖွဲ့ဝင်တွေဟာ အုန်းဘာရတ်ချ်မြို့နယ်၊ ဘွန်စွေကျေးရွာအနီးရှိ တောစပ်တခုမှာ အသင့်စောင့်ဆိုင်းပြီး ပိတ်ဆို့ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့တာပါ။
အဲဒီလို ပိတ်ဆို့စစ်ဆေးနေစဉ်အတွင်း သံသယဖြစ်ဖွယ် အိုင်ဆူဇူးအမျိုးအစား မော်တော်ယာဉ်တစီးကို ရပ်တန့်ထားတာ တွေ့ရှိခဲ့တာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေက ဝင်ရောက်ရှာဖွေခဲ့ကြပါတယ်။
ယာဉ်နောက်ခန်းကို စစ်ဆေးရာမှာတော့ သံသယဖြစ်ဖွယ် ဆာလာအိတ် ၂ အိတ်ကို တွေ့ရှိခဲ့ရပြီး အိတ်တွေထဲကနေ ကာလတန်ဖိုး အများအပြားရှိမယ့် အမျိုးအစား ၁ စိတ်ကြွရူးသွပ်ဆေးပြားစုစုပေါင်း ၃၁၆,၀၀၀ ကျော်နဲ့အတူ လက်ကိုင်ဖုန်းတလုံးကိုပါ သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။
အဲဒီဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေနဲ့ သက်သေခံပစ္စည်းအားလုံးကို ဥပဒေအရ ထိရောက်စွာ အရေးယူအမှုဖွင့်နိုင်ဖို့ အုန်းဘာရတ်ချ်မြို့နယ် ရဲစခန်းထံလွှဲပြောင်းထားတယ်လို့ သိရပါတယ်။











