Border News Agency
နမ့်ခမ်း၊ဇွန် ၂။
ရှမ်းပြည်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ်၊ကောင်းတပ်ကျေးရွာမှာဖြစ်ပွားခဲ့တဲ့ ယမ်းပေါက်ကွဲမှုကြောင့် ဇွန်လ ၁ ရက်နေ့၊ည ၇ နာရီအထိ ရရှိထားတဲ့အတည်ပြုစာရင်းတွေအရ သေဆုံးသူ ၄၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၁၂ ဦးအထိ ရှိလာပြီလို့ တအာင့်းတပ်မတော်က ထုတ်ပြန်ပါတယ်။
အဲဒီ သေဆုံးသူ ၄၃ ဦးထဲမှာအသက် ၁၁ နှစ်အထက် အမျိုးသား၂၃ ဦး၊ အမျိုးသမီး၁၃ ဦး နဲ့ အသက် ၁ နှစ်မှ ၁၀ နှစ်အထိ ကလေး ၇ ဦးပါဝင်နေပါတယ်။
အဲဒီအပြင်သေဆုံးသူ ၄၃ ဦးထဲက ၇ ဦးဟာ ဆေးကုသမှုခံယူနေစဉ်အတွင်း သေဆုံးသွားခဲ့တာဖြစ်ပြီး ကျန်တဲ့ ၃၆ ဦးကတော့ ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာမှာတင် သေဆုံးခဲ့တာဖြစ်တယ်လို့မှတ်ချက်ပြုထားပါတယ်။
နောက်ပြီးဒဏ်ရာရရှိသူ စုစုပေါင်း ၁၁၂ ဦးထဲမှာ အနည်းငယ်သာ ထိခိုက်ဒဏ်ရာရရှိသူ ၇၅ ဦးရှိနေပြီး သူတို့ထဲမှာ လူကြီး ၅၉ ဦးနဲ့ ကလေး ၁၆ ဦးပါဝင်ပါတယ်။
ဒါ့အပြင် ပြင်းထန်ဒဏ်ရာရရှိသူ လူနာစာရင်းမှာတော့ စုစုပေါင်း ၃၇ ဦးအထိ ရှိနေပြီး လူကြီး ၂၈ ဦးနဲ့ ကလေး ၉ ဦးဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီဒဏ်ရာရလူနာစာရင်းတွေဟာ နမ့်ခမ်းဆေးရုံသို့ ရောက်ရှိလာတဲ့ လူနာစာရင်းတွေသာ ဖြစ်တယ်လို့လည်းဆိုပါတယ်။
ဒီဖြစ်စဉ်ဟာ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေမတော်တဆ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဘေးသင့်ပြည်သူတွေအတွက် ဆေးဝါးကုသမှု၊ အစားအသောက်နဲ့ အဝတ်အထည် ကူညီပံ့ပိုးမှုအပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို တအာင်းတပ်က သက်ဆိုင်ရာဌာနတွေ၊ ဒေသခံလူမှုကူညီရေးအသင်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ဆိုပါတယ်။






