Border News Agency
အိန္ဒိယ၊ဇွန် ၂။
အိန္ဒိယနိုင်ငံကိုရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အိန္ဒိယသမ္မတ Mrs. Droupadi Murmu နဲ့ ဇွန်လ ၁ ရက်နေ့၊ညနေပိုင်းက နယူးဒေလီမြို့ရှိ သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲကို မင်းအောင်လှိုင်နဲ့အတူပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ဒေါက်တာကံဇော်၊ ဦးမင်းနောင်နဲ့ ဒေါက်တာချာလီသန်းတို့ တက်ရောက်ခဲ့ကြသလို အိန္ဒိယဘက်ကလည်း သမ္မတနဲ့အတူအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး Mr. Abhay Thakur တို့ တက်ရောက်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံအကြား လက်ရှိပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းတွေ သတ်မှတ်ကာလအတွင်း ပြီးစီးရေး၊နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ရေးအပြင် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးနဲ့ ခရီးသွားကဏ္ဍ မြှင့်တင်ရေးကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် အိန္ဒိယဟာ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုတွေအပေါ် အပြည့်အဝ ထောက်ခံတယ်ဆိုပြီးအာဏာသိမ်းစစ်တပ်ကဝါဒဖြန့် ဖော်ပြထားပါတယ်။











