Border News Agency
တာချီလိတ်၊ဇွန် ၃။
ရှမ်းပြည်အရှေ့ပိုင်း၊တာချီလိတ်မြို့နယ်၊ဝမ်ကျောက်လုံကျေးရွာအနီးမှာစိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့အတူ အမျိုးသားတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗဟိုကော်မတီက ဇွန်လ ၂ ရက်နေ့ကထုတ်ပြန်ပါတယ်။
အဲဒီဝမ်ကျောက်လုံကျေးရွာအနီးမှာ ဇွန်လ ၂ ရက်နေ့ကမူးယစ်တပ်ဖွဲ့ဝင်တွေဟာ သတင်းအရစောင့်ဆိုင်းစစ်ဆေးနေစဉ် ပန်စလိကျေးရွာဘက်ကနေ လမ်းလျှောက်လာတဲ့ သန်းဝင်း (ခ)အာခါလေး ဆိုသူကို မသင်္ကာလို့ တားဆီးရှာဖွေခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီလို ရှာဖွေစစ်ဆေးရာမှာ သူကိုင်ဆောင်လာတဲ့ ဆေးလိပ်ဘူးအတွင်းကနေ အပြာရောင်ကပ်ခွာအိတ်နဲ့ ထည့်ထားတဲ့ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၂,၀၀၀ ပြားကို ရှာတွေ့ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီစိတ်ကြွဆေးပြားတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့ သန်းဝင်း (ခ) အာခါလေးကို တာချီလိတ်မြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်နေတဲ့အခြားကွင်းဆက်တရားခံတွေကိုပါ ထပ်မံဖော်ထုတ်နိုင်ဖို့အတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။





