Border News Agency
မကွေး၊ ဇွန် ၄။
မကွေးတိုင်းတိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင် ၃၁ သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်မှ ဇွန်လ ၄ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
ပြည်သူ့တော်လှန်ရေးတပ်မတော်နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား မေလနဲ့ ဇွန်လ ပထမပတ်ကစလို့ တိုက်ပွဲပေါင်း ၄၃ ကြိမ် ဖြစ်ပွားခဲ့ကာ အာဏာသိမ်းစစ်တပ်ဘက်မှ ၃၁ ဦး သေဆုံးပြီး ၅၂ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်မှ ဗိုလ်မှူးအောင်ဖြိုးဝေနဲ့ ဗိုလ်ကြီးပြည့်စုံအောင်အပါအဝင် စစ်သုံ့ပန်း ၁၈ ဦးကိုပါ ဖမ်းဆီးရမိခဲ့ပြီး ပစ္စတို ၁၉ လက်၊ ကျည်ဘောက် ၃၈ ခုနဲ့ ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် မေလ ၂၉ ရက်နေ့ကလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက နတ်မောက်ဆက်သွယ်ရေးတပ်မှ ဒုတပ်ကြပ်ရန်နိုင်ကို စစ်ဆင်ရေးနယ်မြေတနေရာတွင် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး ဇွန်လ ၃ ရက်နေ့က မင်းတုန်းမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ သရက်ခရိုင်တပ်ရင်း ၄ တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်မှ စစ်သုံ့ပန်း ၁၅ ဦးနဲ့ သေနတ်တလက်ကို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။







