Border News Agency
မောင်တော၊ ဇွန် ၄။
အာရက္ခတပ်တော်ဖမ်းထားတဲ့ ဒိုင်းနက်လူမျိုးကိုးဆယ်နှစ်ဦးကို မေလ ၃၁ ရက်၊ ဇွန်လ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
အဲဒါကြောင့်တာဝန်ရှိသူတွေကို အထူးကျေးဇူးတင်တယ်လို့ ဒိုင်းနက်အဖွဲ့တွေဇွန်လ ၄ ရက်၊ ဒီနေ့ပူးတွဲထုတ်ပြန်ပါတယ်။
အဲဒီလိုလွှတ်ပေးတာဟာ လူသားချင်းစာနာမှုဖြစ်ပြီး အောင်မြင်အောင်ဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့ လူပုဂ္ဂိုလ်တွေနဲ့အဖွဲ့အစည်းအားလုံးကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
အာရက္ခဒေသရှိမတူကွဲပြားတဲ့ လူမျိုးစုတွေကြား အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုနဲ့အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ပိုပြီးခိုင်မာစေတယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော်ရဲ့ ထိန်းသိမ်းမှုအောက်မှာ ဆက်ရှိနေသေးသူတွေအတွက်စိုးရိမ်ပူပန်မိပြီး ကျန်ဖမ်းဆီးခံရသူအားလုံးကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မျှော်လင့်နေကြပါတယ်။
အဲဒီအထဲမှာသက်ကြီးရွယ်အိုတွေနဲ့ လုပ်အားပေးရန် ကိုယ်ခန္ဓာကြံ့ခိုင်မှုမရှိသူတွေကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။
ဒေသတွင်းလူမှုအသိုင်းအဝိုင်းအားလုံးကြား နှစ်ရှည်လများတည်ရှိခဲ့တဲ့ စေတနာမေတ္တာတွေကို ပိုမိုခိုင်မာစေဖို့နဲ့ ပြန်လည်သင့်မြတ်ရေးကို မြှင့်တင်နိုင်ဖို့အတွက် လူသားချင်းစာနာမှုဆိုင်ရာတွေကို ဆက်လုပ်ဆောင်သွားဖို့ ယုံကြည်တယ်လို့လည်းဆိုပါတယ်။
တာဝန်ရှိသူတွေရဲ့ ထောက်ထားညှာတာမှုကြောင့် မကြာခင်အပြုသဘောဆောင်ဖြေရှင်းချက်ထွက်လာလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
အဲဒီပူးတွဲထုတ်ပြန်ချက်ကို ဒိုင်းနက် (Chakma)အဖွဲ့အစည်း (DO)၊ ပြည်ပရောက် ဒိုင်းနက်လူငယ်များအသင်း၊ ရခိုင်ပြည်ဒိုင်းနက်လူငယ်များကွန်ရက် (CYNR) အပါအဝင် ဒိုင်းနက်လူမှုအဖွဲ့အစည်း ၁၂ ခု စုပေါင်းထုတ်ပြန်တာပါ။








