Border News Agency
အိန္ဒိယ၊ ဇွန် ၄။
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ သောင်ဘယ်လ်ခရိုင်၊ မိုအီဂျင်ဧရိယာမှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဆောင်ရွက်နေချိန် မူးယစ်ဆေးဝါးမှောင်ခိုကူးသူတဦးရဲ့ ဓားနဲ့ထိုးနှက်တိုက်ခိုက်လို့ မဏိပူရရဲတပ်ဖွဲ့မှ ကွန်မန်ဒိုတပ်ဖွဲ့ဝင်တဦး ကျဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီမိုအီဂျင်ဧရိယာမှာ ဇွန်လ ၃ ရက်၊ ည ၈ နာရီ ၂၀ မိနစ်ခန့်က သတင်းအရ CDO Thoubal အဖွဲ့က မူးယစ်ဆေးဝါးသယ်ဆောင်လာသူ နှစ်ဦးကို ဖမ်းဆီးစစ်ဆေးချိန် ဖမ်းဆီးခံရသူထဲမှ အသက် ၂၅ နှစ်အရွယ်ရှိသူ Md. Naobi (ခ) Mahil ဟာ ဓားနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် သောင်ဘယ်လ်ကွန်မန်ဒိုအဖွဲ့မှာ ပူးတွဲတာဝန်ထမ်းဆောင်နေတဲ့ 4th IRB မှ တပ်စိတ်မှူးဖြစ်တဲ့ Kh. Suresh Singh မှာ ပြင်းထန်တဲ့ဓားဒဏ်ရာတွေရရှိခဲ့ပြီးနောက် သောင်ဘယ်လ်ခရိုင်ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ည ၉ နာရီ ၁၅ မိနစ်မှာ ကျဆုံးသွားခဲ့တယ်လို့ ဆေးရုံက အတည်ပြုခဲ့ပါတယ်။
ဓားနဲ့ထိုးခဲ့တဲ့တရားခံ Md. Naobi (ခ) Mahil ဟာ အခင်းဖြစ်ပွားပြီးနောက် အတူပါလာသူနဲ့အတူ ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမယ့် ရဲတပ်ဖွဲ့က လိုက်လံပိတ်ဆို့ရှာဖွေမှုတွေကြောင့် ဇွန်လ ၄ ရက်၊ ဒီနေ့ မနက် ၈ နာရီ ၄၅ မိနစ်ခန့်မှာ သောင်ဘယ်လ်ခရိုင်ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မဏိပူရပြည်နယ်အတွင်း မူးယစ်ဆေးဝါးပပျောက်ရေးနဲ့ ဘိန်းစိုက်ခင်းတွေဖျက်ဆီးရေးလုပ်ငန်းတွေကို တာဝန်သိသိနဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တဦး အခုလိုအသက်စွန့်တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ရမှုအပေါ် ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေကလည်း စိတ်မကောင်းဖြစ်နေကြရတယ်လို့ဆိုပါတယ်။
အဲဒါကြောင့် မူးယစ်ဆေးဝါးရန်ကို အားလုံးဝိုင်းဝန်းတိုက်ဖျက်ကြဖို့ မဏိပူရပြည်သူတွေလူမှုကွန်ရက်စာမျက်နှာတွေမှာ တောင်းဆိုနေကြပါတယ်။




