Border News Agency
ရန်ကုန်၊ ဇွန် ၁၂။
ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ မီဒီယာထုတ်လွှင့်ခွင့်ကို အာဏာသိမ်းစစ်တပ်ရဲ့ အဓိကဝင်ငွေရလမ်းဖြစ်တဲ့ Mytel ဆက်သွယ်ရေးအော်ပရေတာဆီ ပေးအပ်လိုက်တဲ့အပေါ် Justice For Myanmar (JFM) က ဇွန်လ ၁၂ ရက်၊ ဒီနေ့မှာ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
Mytel ဟာ ပိတ်ဆို့အရေးယူခံထားရတဲ့ စစ်တပ်ပိုင်မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)က ထိန်းချုပ်ထားတာလို့ဆိုပါတယ်။
FIFA အနေနဲ့ ဒီလိုလုပ်ဆောင်တာဟာ စစ်တပ်ရဲ့ သွေးစွန်းနေတဲ့ ပုံရိပ်ကို အကောင်းဘက်ရောက်အောင် ဗြောင်ကျကျဖန်တီးပေးလိုက်တာနဲ့ အတူတူပဲလို့ ဆိုပါတယ်။
Mytel ဟာ အာဏာသိမ်းစစ်တပ်အတွက် နှစ်စဉ်ဒေါ်လာသန်းရာနဲ့ချီတဲ့ ဝင်ငွေတွေရှာပေးနေသလို ပြည်သူတွေကိုဒစ်ဂျစ်တယ်စနစ်နဲ့ စောင့်ကြည့်ထောက်လှမ်းတဲ့နေရာမှာလည်း ကူညီနေတာကြောင့် စစ်ရာဇဝတ်မှုတွေကို အားပေးရာရောက်နေတယ်လို့ JFM က ထောက်ပြပါတယ်။
အရင်ကလည်း ဖီဖာအနေနဲ့ရာဇဝတ်မှုကြောင်းအရ စုံစမ်းစစ်ဆေးခံထားရသူတွေကို ရာထူးပေးခဲ့တဲ့သာဓကရှိခဲ့ဖူးတယ်လို့ဆိုပါတယ်။
အခုပေးအပ်လိုက်တဲ့ Mytel နဲ့ MEC တို့ဟာ အမေရိကန်အပါအဝင် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ ကုမ္ပဏီတွေဖြစ်ပါတယ်။
ဒါကြောင့် ဖီဖာအနေနဲ့အာဏာသိမ်းစစ်တပ်၊ သူတို့ရဲ့ခရိုနီတွေနဲ့ စီးပွားရေးပူးပေါင်းနေတာတွေကို ချက်ချင်းရပ်တန့်ပြီး သူတို့ကြေညာထားတဲ့ လူ့အခွင့်အရေး ကတိကဝတ်တွေကို တကယ်တမ်းလိုက်နာဆောင်ရွက်ဖို့ JFM က တောင်းဆိုထားပါတယ်။









