Border News Agency
မကွေး၊ ဇူလိုင် ၂၉။
မြန်မာ့အာဏာသိမ်းစစ်ခေါင်းဆောင်ပြောင်းပြီးနောက် ပြည်သူတွေအပေါ် ဖိနှိပ်မှုတွေ ပိုဆိုးလာတယ်လို့ ပဋိပက္ခနေရာနဲ့ ဖြစ်စဉ်အချက်အလက်စုဆောင်းရေးအဖွဲ့ (ACLED)က ဇူလိုင်လ ၂၈ ရက်နေ့ ထုတ်ပြန်ပါတယ်။
မကွေးတိုင်း၊ မြစ်ချေဒေသအပါအဝင် အာဏာသိမ်းစစ်တပ်ထိန်းချုပ်နယ်မြေတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေစိုးမိုးနယ်မြေတွေမှာ ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ ဖမ်းဆီးစိစစ်တာတွေကို စစ်တပ်က ပိုအရှိန်မြှင့်လာတယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတတုအဖြစ်ပြောင်းပြီးနောက် စစ်ခေါင်းဆောင်နေရာကို ရဲဝင်းဦးဆီလွှဲပေးပြီးနောက် စစ်ရေးဗျူဟာတွေ ပြောင်းလာပြီးတိုက်လေယာဉ်အများအပြားနဲ့ စနစ်တကျ ဗုံးကြဲတာတွေကိုလုပ်လာတာပါ။
အဲဒီလိုတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း၊ဆေးရုံ၊ဘာသာရေး အဆောက်အအုံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းသိမ်းရေးစခန်းတွေ ပစ်မှတ်ထားခံရပြီး ပြည်သူတွေနဲ့ စစ်သုံ့ပန်းတွေ သေဆုံးမှုပိုမြင့်လာပါတယ်။
အဲဒီအပြင် စစ်တပ်က စစ်ကိုင်း၊မကွေး၊မန္တလေး အပါအဝင် အညာဒေသမှာ စစ်ကြောင်းထိုး မီးရှို့တာတွေနဲ့ ဒစ်ဂျစ်တယ်နည်းပညာသုံး စောင့်ကြည့်စနစ်ကို အသုံးပြုပြီး ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတို့မှာ ဖမ်းဆီးမှုတွေကို ပိုလုပ်လာတာပါ။
ဒီမိုးရာသီအကုန်မှာ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြင်းလာနိုင်ပြီး တိုက်ပွဲဒေသတွေရှိပြည်သူတွေဟာ လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲတွေနဲ့ ပိုရင်ဆိုင်ရနိုင်တယ်လို့ဆိုပါတယ်။









