Border News Agency
အမေရိကန်၊ ဇွန် ၁၂။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်နိုင်ငံအပေါ် တိုက်ခိုက်ဖို့ စီစဉ်ထားတဲ့ အစီအစဉ်တွေကို ရပ်ဆိုင်းလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။
အီရန်နဲ့ သဘောတူညီချက်တခုရရှိဖို့ အရမ်းနီးစပ်နေပြီဖြစ်တဲ့အတွက် အခုလိုတိုက်ခိုက်မယ့်အစီအစဉ်ကို ရုတ်သိမ်းလိုက်တာလို့ သူကဆိုပါတယ်။
ဒီဆုံးဖြတ်ချက်မချခင် နာရီပိုင်းအလိုမှာပဲ အီရန်ရဲ့ ခါ့ဂ်ကျွန်း (Kharg Island) မှာရှိတဲ့ ရေနံစက်ရုံတွေကို ချိန်ရွယ်တိုက်ခိုက်မယ်လို့ ထရမ့်က ခြိမ်းခြောက်ထားသေးတာကြောင့် အခြေအနေတွေက ရုတ်တရက် အပြောင်းအလဲဖြစ်သွားတာပါ။
အီရန်အစိုးရဘက်ကလည်း အမေရိကန်နဲ့ သဘောတူညီချက်မူကြမ်းကို အဆင့်မြင့်ခေါင်းဆောင်တွေက သုံးသပ်နေပြီလို့ အတည်ပြုထားပြီး ဒီသဘောတူညီချက်ကြောင့် ပိတ်ဆို့မှုတွေရုပ်သိမ်းခံရပြီး နိုင်ငံအနေနဲ့ ပိုမိုအားကောင်းလာနိုင်တယ်လို့ ပြည်သူတွေကို ရှင်းပြနေပါတယ်။
နိုင်ငံတကာ လုံခြုံရေးကျွမ်းကျင်သူတွေကတော့ ထရမ့်ရဲ့ လုပ်ဆောင်ချက်ဟာ စစ်ပွဲကို ပိုမိုပြင်းထန်အောင်ဟန်ပြပြီးမှ သံတမန်နည်းလမ်းနဲ့ ဖြေရှင်းစေတဲ့ နည်းဗျူဟာမျိုးဖြစ်နိုင်ကြောင်းနဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဒီသံတမန်ရေးကြိုးပမ်းမှုကို ဖျက်ဆီးမှာကို ထရမ့်က စိုးရိမ်နေတာလို့ သုံးသပ်ကြပါတယ်။
လက်ရှိအချိန်မှာတော့ လက်ဘနွန်ဘက်မှာ ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးတပ်ဖွဲ့တွေကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တာကြောင့် အမေရိကန် – အီရန်ကြားက သဘောတူညီချက်ဟာ အမှန်တကယ်ပဲ အောင်မြင်သွားမလားဆိုတာကို ကမ္ဘာက အားလုံးစောင့်ကြည့်နေကြပါတယ်။









