Border News Agency
အီရန်၊ဇွန် ၁၂။
ဟော်မုဇ်ရေလက်ကြားထဲမှာ သင်္ဘောတွေပြန်သွားလို့ရအောင် ငြိမ်းချမ်းရေးစာချုပ်ကို ဒီသီတင်းပတ်ကုန်မှာ အမေရိကန်နဲ့ အီရန်တို့လက်မှတ်ထိုးဖြစ်လိမ့်မယ်လို့ သမ္မတထရမ့်က ဇွန်လ ၁၁ ရက်နေ့မှာ ပြောထားပါတယ်။
ဒါပေမယ့် Channel News Asia သတင်းမှာ ဖော်ပြချက်အရ အီရန်ဘက်ကဒီသဘောတူညီချက်ကို အခုထိအပြီးသတ်ဆုံးဖြတ်ချက် မချရသေးဘူးလို့ ပြန်ပြောထားပါတယ်။
ဒီစာချုပ်သာအတည်ဖြစ်လာရင်တော့ လူပေါင်းထောင်ချီသေဆုံးခဲ့ရသလို ရေနံဈေးနှုန်းတွေကိုပါအကြီးအကျယ်တက်သွားစေခဲ့တဲ့ ၃ လကြာစစ်ပွဲကြီးကို အဆုံးသတ်နိုင်မှာမို့လို့ တကယ့်ကိုအရေးကြီးတဲ့ သံတမန်ရေးအောင်မြင်မှုတစ်ခုဖြစ်လာမှာပါ။
လက်ရှိမှာတော့ စာချုပ်ပါအချက်အလက်အများစုကို ညှိနှိုင်းပြီးသားဖြစ်ပေမယ့် အီရန်ဘက်က သူတို့မကျော်နိုင်တဲ့ အန္တရာယ်မျဉ်းကိုကျော်ပြီး ဘယ်လိုမှအလျော့ပေးမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
အီရန်ပြောရေးဆိုခွင့်ရှိသူကလည်း “ဒီကိစ္စက အရမ်းအရေးကြီးတာမို့လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက အခုထိပြန်သုံးသပ်နေဆဲပါ။ အပြီးသတ်တော့ မဆုံးဖြတ်ရသေးပါဘူး။” လို့ ပြောပါတယ်။
ထရမ့်ကတော့ အိမ်ဖြူတော်မှာ သတင်းထောက်တွေကို “အီရန်နဲ့ဖြစ်နေတဲ့စစ်ပွဲကိစ္စကို အတော်လေးဖြေရှင်းနိုင်ပြီ” ဆိုပြီးတော့ ပြောကြားထားပါသေးတယ်။










