Border News Agency
အီရန်၊ဇူလိုင် ၂။
အီရန်နိုင်ငံဟာဟော်မုဇ်ရေလက်ကြားကို သူတို့အပြည့်အဝ ထိန်းချုပ်ခွင့်ရဖို့နဲ့ ဖြတ်သန်းသွားလာတဲ့ သင်္ဘောတွေဆီကနေ အခွန်အခ ကောက်ခံပိုင်ခွင့်ကို နိုင်ငံတကာက အသိအမှတ်ပြုလာအောင် အင်အားသုံးပြီးတော့ဖြစ်ဖြစ် လုပ်ဆောင်သွားဖို့ သန္နိဋ္ဌာန်ချထားတယ်လို့ အီရန်အဆင့်မြင့်အရာရှိကြီးနှစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က အမေရိကန်နဲ့ အီရန်တို့အကြား သုံးလကြာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကို အဆုံးသတ်ဖို့ ယာယီသဘောတူညီချက်တစ်ခု ရရှိခဲ့ပါတယ်။
အဲဒီသဘောတူညီချက်အရ ရက်ပေါင်း ၆၀ အတွင်း ရေလက်ကြားကို ဖြတ်သန်းတဲ့သင်္ဘောတွေကို အခမဲ့ပေးဖြတ်ဖို့ အီရန်ဘက်က သဘောတူထားပေမယ့် ဘယ်သင်္ဘောတွေကို ပေးဖြတ်မလဲဆိုတဲ့ ထိန်းချုပ်ပိုင်ခွင့်ကတော့ သူတို့ဆီမှာပဲ ရှိနေသေးတယ်လို့ အီရန်ဘက်က ယူဆနေတာပါ။
အဲဒီ အပြင် အခုလုပ်ဆောင်နေတဲ့ အမေရိကန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်း ဒီရေလက်ကြား ထိန်းချုပ်မှုကိစ္စကို အမေရိကန်ဘက်က အတည်မပြုပေးမချင်း အခြားအငြင်းပွားဖွယ် ကိစ္စရပ်တွေကို ဆက်ပြီး ဆွေးနွေးမှာမဟုတ်ဘူးလို့ အီရန်သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဒီယာယီသဘောတူညီချက် သက်တမ်းကုန်ဆုံးသွားပြီး ထပ်မံသက်တမ်းမတိုးဖြစ်ရင်တော့အီရန်အနေနဲ့ လာမယ့် သြဂုတ်လလယ်လောက်ကစပြီး ဖြတ်သန်းခတွေကို စတင်ကောက်ခံသွားမှာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုတို့ကတော့ နိုင်ငံတကာ ရေလမ်းကြောင်းတခုကို ဘယ်နိုင်ငံကမှ ပိတ်ဆို့တာ ဒါမှမဟုတ် အခွန်ကောက်တာမျိုး လုပ်ပိုင်ခွင့်မရှိဘူးလို့ တုံ့ပြန်ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းကလည်း အီရန်ရဲ့ ခွင့်ပြုချက်မယူဘဲ အိုမန်နိုင်ငံဘက်ခြမ်း ရေပိုင်နက်ကနေ ဖြတ်သန်းဖို့ ကြိုးစားခဲ့တဲ့ သင်္ဘော ၄ စင်းကို အီရန်ဘက်က သေနတ်နဲ့ လှမ်းမိုးခဲ့တာကြောင့် အမေရိကန်စစ်တပ်နဲ့ အီရန်တို့အကြား ခေတ္တမျှ ပစ်ခတ်မှု ပြင်းထန်ခဲ့ပါသေးတယ်။
နိုင်ငံရေးနဲ့သမိုင်းပညာရှင်တွေကတော့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ပွဲအန္တရာယ်ကနေ လွတ်မြောက်သွားပြီလို့ ယူဆနေတဲ့အီရန်အနေနဲ့ အခုကိစ္စမှာအကွက်ချလွန်သွားပြီး အမေရိကန်ရဲ့ တုံ့ပြန်မှုကို အထင်သေး တွက်ချက်မှားသွားနိုင်ကြောင်း နှစ်ဖက်စလုံးက ရှုံးနိမ့်တယ်လို့ မခံယူထားကြတဲ့အတွက် စစ်ပွဲပြန်ဖြစ်ဖို့ ရာခိုင်နှုန်းမြင့်မားနေတယ်လို့ သုံးသပ်ထားကြပါတယ်။










