Border News Agency
မလေးရှား၊ ဇူလိုင် ၂။
မလေးရှားနိုင်ငံ၊ ကဒါးပြည်နယ်က ဘလန်တိန်းလူဝင်မှုကြီးကြပ်ရေးကမ့်တရားရုံးမှာ ဗီဇာသက်တမ်းကျော်လွန်နေထိုင်မှု၊ တရားမဝင်ဝင်ရောက်မှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးအပါအဝင် နိုင်ငံခြားသား ၂၁ ဦးကို ဇူလိုင်လ ၁ ရက်နေ့က ထောင်ဒဏ် ၃ လကနေ ၈ လအထိနဲ့ ကြိမ်ဒဏ် ၁ ချက်စီ ချမှတ်လိုက်ပါတယ်။
အဲဒီတရားစွဲဆိုခံရသူ ၂၁ ဦးထဲမှာ မြန်မာအမျိုးသား ၁၀ ဦး၊ အင်ဒိုနီးရှားအမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၂ ဦး၊ ပါကစ္စတန်အမျိုးသား ၂ ဦးတို့ပါဝင်ပြီး သူတို့ကို ၁၉၅၉/၆၃ ခုနှစ် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပုဒ်မတွေနဲ့ အသီးသီးအမိန့်ချခဲ့တာဖြစ်ပါတယ်။
အဲဒီအထဲက ဗီဇာရက်လွန်နေထိုင်တဲ့ နိုင်ငံခြားသား ၁၀ ဦးကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၁၅(၁)(ဂ) အရ ထောင်ဒဏ် ၃ လကနေ ၈ လအထိ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
အဲဒီအပြင်တရားမဝင် ဝင်ရောက်နေထိုင်တဲ့ နိုင်ငံခြားသား ၁၁ ဦးကိုတော့ ပုဒ်မ ၆(၁)(ဂ) အရ ဖမ်းဆီးခံရတဲ့နေ့ကစပြီး ထောင်ဒဏ် ၈ လနဲ့ ကြိမ်ဒဏ် ၁ ချက်စီချမှတ်ခဲ့တာပါ။
မလေးရှားနိုင်ငံရဲ့ ထောင်တွင်းစည်းမျဉ်းအရ ရက်ပေါင်း ၂၀ ကို ထောင်ဒဏ် ၁ လအဖြစ် သတ်မှတ်တွက်ချက်တာကြောင့် ပြစ်ဒဏ်ကျခံရသူတွေဟာ သတ်မှတ်ရက်ထက် စောလျော့လွတ်ရက် ရရှိနိုင်ပါတယ်။
ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၂၀ အထက်ရှိသူတွေကို ပိုးကော့စနားထောင်သို့ ပို့ဆောင်မှာဖြစ်ပြီး အသက် ၂၀ အောက် လူငယ်တွေကိုတော့ စွန်ဂိုင်းပတ္တနီကလေးထောင်သို့ ပို့ဆောင်ကာ ပြစ်ဒဏ်ကျခံစေမှာ ဖြစ်တယ်လို့ သိရပါတယ်။










