Border News Agency
ဗင်နီဇွဲလား၊ ဇူလိုင် ၂။
ဗင်နီဇွဲလားနိုင်ငံမှာ ပြီးခဲ့တဲ့ဇွန်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ငလျင်ဘေးအန္တရာယ်ကြောင့် Miss Grand Orlando 2025 ဆုရှင်ဖြစ်သူ အလှမယ် စကားလက်ရိုဒရီဂွက်စ် (Skarlent Rodríguez) ဟာသူ့ရဲ့ ချစ်သူနဲ့အတူ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီအလှမယ် နေထိုင်ရာဗင်နီဇွဲလားနိုင်ငံ ကာတီယာလာမား (Catia La Mar) မြို့ရှိ တိုက်ခန်းအဆောက်အအုံဟာ အင်အားပြင်းငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားခဲ့ပြီး သူမဟာ အဆောက်အအုံအောက်မှာ ရက်ပေါင်းများစွာ ပိတ်မိနေခဲ့တာဖြစ်ပါတယ်။
ဒေသခံကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ ပြိုကျသွားတဲ့အဆောက်အအုံအပျက်အစီးတွေကြားထဲမှာ အပြင်းအထန်ရှာဖွေမှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ကြပြီး ငါးရက်အကြာမှာတော့ သူမရဲ့ ရုပ်အလောင်းကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။
အဲဒီရှာဖွေတွေ့ရှိမှုအနေနဲ့ ကယ်ဆယ်ရေးသမားတွေဟာ သူမရဲ့ ရုပ်အလောင်းနဲ့အတူ ချစ်သူဖြစ်သူ ဟိုဆေးကက်စထရို (José Castro) ရဲ့ ရုပ်အလောင်းကိုပါ ဘေးချင်းယှဉ်လျက်သား အတူတူပြန်လည်ရှာဖွေတွေ့ရှိခဲ့တာပါ။
ဗင်နီဇွဲလားနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့အင်အားပြင်း ကုန်းတွင်းပိုင်းငလျင်ကြောင့် လက်ရှိအချိန်အထိသေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၂,၂၀၀ ကျော်အထိ ရှိလာနေပြီး ဒဏ်ရာရရှိသူ ၁၁,၀၀၀ ကျော်နဲ့ ပျောက်ဆုံးနေသူ သောင်းနဲ့ချီရှိနေသေးတယ်လို့ သိရပါတယ်။
အဆောက်အအုံပြိုကျပျက်စီးသွားတဲ့ အချိန်မှာနှစ်ဦးစလုံးဟာ အတူတူရှိနေခဲ့ကြပြီး ဘေးအန္တရာယ်ဆိုးနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ကာ အခုလိုဆုံးရှုံးမှုအတွက် နိုင်ငံတကာအလှမယ်အသိုင်းအဝိုင်းနဲ့ မိသားစုဝင်တွေကအထူးဝမ်းနည်းပူဆွေးနေကြပါတယ်။










