Border News Agency
ပဲခူး၊ဇူလိုင် ၆။
ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်(PDF )တပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးလုပ်ချိန် အာဏာသိမ်းစစ်တပ်ကခိုးယူထားတဲ့ ဘုရားဆင်းတုတော်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ နေပြည်တော် PDF တပ်ရင်း ၉၀၁ က ဇူလိုင်လ ၅ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီ ရေတာရှည်မြို့နယ်၊စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ပိတောက်ကုန်းရွာနဲ့ ကျွန်းကုန်းရွာတို့မှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ရင်းတွေက ဇွန်လ ၂၄ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး PDF တပ်တွေရဲ့ တန်ပြန်ထိုးစစ်ကြောင့် ပိတောက်ကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်သားတွေ အထိနာပြီး ဆုတ်ခွာသွားခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီလိုစစ်သားတွေ ဆုတ်ခွာသွားပြီးနောက် PDF တပ်က နယ်မြေရှင်းလင်းရေး ဆက်လုပ်ချိန်မှာ အာဏာသိမ်းစစ်တပ်ကပြည်သူပိုင်နေအိမ်တွေကနေ ခိုးယူစုဆောင်းထားတဲ့ ဘုရားဆင်းတုတော်တွေကို ရှာဖွေတွေ့ရှိပြီး သိမ်းဆည်းနိုင်ခဲ့တာလို့ဆိုပါတယ်။
အဲဒီအပြင် ဇွန်လအတွင်း ပဲခူးတိုင်းနဲ့ မကွေးတိုင်းတို့မှာရှိတဲ့ စစ်ဆင်ရေးနယ်မြေတွေအတွင်း တိုက်ပွဲတွေဖော်ဆောင်ခဲ့ရာ အာဏာသိမ်းစစ်တပ်ဘက်က အရာရှိ ၄ ဦးအပါအဝင် ၄၀ ကျော် သေဆုံးခဲ့ပြီး လက်နက်ငယ် ၁၈ လက်နဲ့ ကျည်ခဲယမ်းတွေကိုပါ သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။










