Border News Agency
စမွတ်ပရာကန်၊ ဇူလိုင် ၆။
ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ပြည်နယ်၊ ဘန်ဆောက်သွန်မြို့နယ်မှာ ဇူလိုင်လ ၅ ရက်နေ့က ဆိုင်ကယ်ဟွန်းတီးတဲ့ကိစ္စစကားများရာကနေ ထိုင်းအမျိုးသားတွေနဲ့ မြန်မာလုပ်သားတွေကြား အုပ်စုဖွဲ့ရန်ဖြစ်ပွားခဲ့ပါတယ်။
အဲဒီမြန်မာလုပ်သားနှစ်ဆယ်ဦးဟာ ထိုင်းအမျိုးသားနှစ်ဦးကို စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီနောက်မှာတော့ ထိုင်းအမျိုးသားတွေဘက်က သူငယ်ချင်းတွေကိုထပ်ခေါ်ကာ ပြန်လည်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။
အဲဒီရန်ပွဲကြောင့် အသက်လေးဆယ်ခုနှစ်နှစ်အရွယ်ကိုထွန်းမင်းလွင်၊ အသက်သုံးဆယ်ခုနှစ်အရွယ် ကိုမျိုးကျော်သူနဲ့ အသက်သုံးဆယ်သုံးနှစ်အရွယ် ကိုရှင်တို့အပါအဝင် မြန်မာလုပ်သားသုံးဦးမှာဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တာကြောင့် ဆေးရုံသို့ပို့လိုက်ရပါတယ်။
အဲဒီအပြင် ထိုင်းအမျိုးသားနှစ်ဦးလည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါတယ်။
အဲဒီအခင်းဖြစ်ပွားရာနေရာမှာ ရဲတပ်ဖွဲ့တွေကသွေးကွက်တွေနဲ့ ဘီယာပုလင်းကွဲတွေကိုတွေ့ရှိခဲ့ရပြီး ပြစ်မှုကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ ဆက်စပ်သူတွေကိုလိုက်လံရှာဖွေစစ်ဆေးနေပါတယ်။












