Border News Agency
အာသံ၊ ဇူလိုင် ၆။
အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်၊ ဟိုင်လာကန်ဒီခရိုင်မှာ ကာလတန်ဖိုးရူပီးတဒသမသုံး ကုဋေ (မြန်မာငွေကျပ်သိန်းလေးထောင်ကျော်)တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးအများအပြားနဲ့လူတဦးဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီဟိုင်လာကန်ဒီခရိုင်၊ လာခီဘန်းရှောင်ကွင်းလမ်းမှာ ဟိုင်လာကန်ဒီရဲတပ်ဖွဲ့၊ ကာချာရဲတပ်ဖွဲ့နဲ့အာသံရိုင်ဖယ်တပ်ရင်း ၃၈ တို့ ပါဝင်တဲ့ပူးပေါင်းအဖွဲ့ဟာ လုံခြုံရေးသတင်းအရ ဝင်ရောက်ရှာဖွေခဲ့တာဖြစ်ပါတယ်။
အဲဒီစစ်ဆေးမှုအတွင်း အိမ်နီးချင်းကာချာခရိုင်မှာနေထိုင်တဲ့ အသက်ငါးဆယ်အရွယ် ကရင်အူဒင်ဆိုသူကိုဖမ်းဆီးရမိခဲ့ပြီး သူ့ဆီကနေ အလေးချိန်သုံးဒသမသုံးကီလိုဂရမ်ရှိတဲ့မူးယစ်ဆေးပြား စုစုပေါင်းသုံးသောင်းကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
အဲဒီဖမ်းဆီးရမိသူဟာ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိ၊ မရှိနဲ့ ဒီဆေးပြားတွေရဲ့ သယ်ဆောင်လာရာရင်းမြစ်ကို သိရှိနိုင်ဖို့အတွက် ရဲတပ်ဖွဲ့က ကွင်းဆက်တရားခံတွေကို ဆက်လက်စုံစမ်းဖော်ထုတ်နေတယ်လို့ သိရပါတယ်။










