Border News Agency
ရန်ကုန်၊ဇူလိုင် ၈။
မြန်မာနိုင်ငံအနှံ့မှာ ရှိနေတဲ့ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတွေကို အာဏာသိမ်းစစ်တပ်လိုက်လံဖြိုချဖျက်ဆီးနေတာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကဇူလိုင်လ ၈ ရက်၊ဒီနေ့ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချလိုက်ပြီးဖျက်ဆီးသူတွေကို အရေးယူနိုင်ဖို့လုပ်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီရုပ်ထုတွေဟာ မြန်မာနိုင်ငံရဲ့သမိုင်းသင်္ကေတနဲ့ ပြည်သူတွေရဲ့ယုံကြည်ချက်တွေကို ကိုယ်စားပြုတဲ့အမျိုးသားရေးအမွေအနှစ်တွေ ဖြစ်တယ်လို့ဆိုပါတယ်။
အဲဒါကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးပစ်တာဟာ ပြည်သူတွေရဲ့မျှော်လင့်ချက်တွေကိုရိုက်ချိုးလိုက်တာလို့ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒီရုပ်ထုတွေကို ပြည်သူတွေရဲ့ ကိုယ်ပိုင်ငွေကြေးနဲ့ စနစ်တကျ တည်ဆောက်ခဲ့တာဖြစ်ပြီးရုပ်တုတွေကို ဖျက်ဆီးနေတာဟာ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးတာနဲ့ အတူတူပဲလို့ ဆိုပါတယ်။
အဲဒီလုပ်ရပ်တွေကို ညွှန်ကြားသူတွေရော၊ လုပ်ဆောင်ပေးနေတဲ့ လက်ပါးစေတွေကိုပါ အမျိုးသားရေးလက္ခဏာနဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ဖျက်ဆီးသူတွေအဖြစ် သတ်မှတ်ထားပါတယ်။
အဲဒါကြောင့် သူတို့ကို ထိရောက်စွာ အရေးယူနိုင်ဖို့အတွက် ဆက်ဆောင်ရွက်သွားမယ်လို့ သတိပေးထားပါတယ်။







