Border News Agency
စစ်တွေ၊ဇူလိုင် ၁၀။
အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းနဲ့ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းတွေကို လာမယ့်ငါးနှစ်အတွင်း အပြီးသတ်ဆောင် ရွက်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က စီမံကိန်းညှိနှိုင်းအစည်းအဝေးမှာ ပြောပါတယ်။
အဲဒီလမ်းကြောင်းတွေ ပွင့်သွားရင် နိုင် ငံစီးပွားရေး၊နယ်စပ်ဒေသဖွံ့ဖြိုးရေးနဲ့ အိန္ဒိယနိုင်ငံနဲ့ကုန်သွယ်မှုတွေမှာအ ထောက်အကူပြုမှာဖြစ်လို့ စီမံကိန်းတွေကို မြန်မြန်ဆန်ဆန်အကောင်အထည် ဖော်နိုင်မယ့်နည်းလမ်းတွေရှာပြီး လုပ်ကြဖို့ မှာခဲ့တာပါ။
”အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ကောင်းမွန်စေရေးဟာ နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးပါတယ်။ဒါကြောင့် စီမံကိန်းတွေကို မြန်ဆန်စွာ အကောင်အထည်ဖော်နိုင်မယ့် နည်းလမ်းတွေရှာဖွေပြီး အမြန်ဆုံး ဆောင်ရွက်သင့်ပါတယ်။”လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။
အဲဒီအပြင် စီမံကိန်းတွေလုပ်တဲ့အခါလုံခြုံရေးကို အထူးဂရုစိုက်ဖို့၊လမ်းတွေကို နိုင်ငံတကာစံချိန်စံညွှန်းအတိုင်းဆော က်ဖို့နဲ့အရင်အာရှအဝေးပြေးလမ်းမကြီးတုန်းကလို တရားမဝင်ဆက်ကြေးကောက်ခံတာတွေမရှိစေဖို့လည်း ထည့် ပြောခဲ့ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ပြောနေတဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိ န်းရဲ့အဓိကအချက်အချာကျစစ်တွေဆိပ်ကမ်းဟာ စစ်ရေးအရအကျပ်အတ ည်းနဲ့ ရင်ဆိုင်နေရပါတယ်။
အဲဒီကုလားတန်စီမံကိန်းလမ်းကြောင်းတလျှောက်ကို အာရက္ခတပ်တော်(AA) စိုးမိုးထိန်းချုပ်ထားပြီးစစ်တွေမြို့အနီးမှာအာဏာသိမ်းစစ်တပ်နဲ့အာရက္ခတပ်တော်ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် စီမံကိန်းနယ်မြေဟာ လုံခြုံရေးစိုးရိမ်နေရပါတယ်။
အိန္ဒိယအစိုးရဟာမြေပြင်နယ်မြေစိုးမိုးမှုမရှိတဲ့အာဏာသိမ်းစစ်တပ်နဲ့စီမံကိန်းအပြီးသတ်ရေးဆွေးနွေးနေပေမယ့် တကယ့်လက်တွေ့မှ အာရက္ခတပ်တော်နဲ့ ညှိနှိုင်းတာမရှိရင်ကုလားတန်စီမံကိန်းအကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။






