Border News Agency
အယုဒ္ဓယ၊ ဇူလိုင် ၁၄။
ထိုင်းနိုင်ငံ၊အယုဒ္ဓယခရိုင်အတွင်း လမ်းမကြီးတခုပေါ်မှာ မော်တော်ယာဉ်သုံးစီးနဲ့တရားမဝင်လာတဲ့ မြန်မာနိုင်ငံသားနှစ်ဆယ့်နှစ်ဦးနဲ့ ထိုင်းနိုင်ငံသားယာဉ်မောင်းတဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ အဝေးပြေးရဲတပ်ဖွဲ့က ဇူလိုင်လ ၁၄ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဝေးပြေးရဲတပ်ဖွဲ့နဲ့လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ဟာ သတင်းအရ စောင့်ဆိုင်းစစ်ဆေးခဲ့ရာခရီးသည်တွေပြည့်ကျပ်စွာ တင်လာတဲ့ ကားသုံး စီးကို တားဆီးမိခဲ့တာဖြစ်ပါတယ်။
အဲဒီ ဖမ်းဆီးခံရတဲ့မြန်မာလုပ်သားတွေဟာမဲဆောက်နယ်စပ်လမ်းတွေမှတဆင့် တရားမဝင်လာခဲ့ကြပြီး ပွဲစားခတဦးကိုထိုင်းဘတ်ငွေ တသောင်းငါးထောင်မှ နှစ်သောင်း အထိ ပေးခဲ့ရတယ်လို့ဝန်ခံထားကြပါတယ်။
ယာဉ်မောင်းဖြစ်သူ ထိုင်းနိုင်ငံသားကလည်း သူတို့ကို ဆာရာဘူရီမှ အယုဒ္ဓယသို့ ပို့ဖို့ ဘတ် တထောင်ငါးရာနဲ့ ငှားတာခံရတယ်လို့ ဝန်ခံခဲ့ပြီး လက်ရှိမှာသူတို့ကို ဥပဒေအရ အရေးယူဖို့ ဝမ်နွိုင်းရဲစခန်းသို့ လွှဲပြောင်းထားပါတယ်။
ဇူလိုင်လ ၁၁ ရက်နေ့ကလည်း နခွန်စီထမ္မရတ်ခရိုင်အတွင်း မော်တော်ယာဉ် သုံးစီးနဲ့ ဝင်လာတဲ့တရားမဝင် မြန်မာနိုင်ငံသား တဆယ့်ကိုးဦးနဲ့ထိုင်းနိုင်ငံသား ငါးဦးကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။









