Border News Agency
ဘန်ကောက်၊ ဇူလိုင် ၁၅။
နိုင်ငံပေါင်းကိုးဆယ်သုံးနိုင်ငံအတွက် ရက်ခြောက်ဆယ်ဗီဇာမလိုဘဲ ဝင်ရောက်ခွင့်ပေးမယ့်စနစ်ကို ပြန်ပြင်ဆင်ပြီး နိုင်ငံအလိုက် နေထိုင်ခွင့်ရက်တွေကိုလျှော့ချသတ်မှတ်ဖို့ ထိုင်းအစိုးရအဖွဲ့အစည်းအဝေးက ဇူလိုင်လ ၁၄ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။
အဲဒီပြင်ဆင်ချက်အရ နိုင်ငံနဲ့ နယ်မြေပေါင်း ငါးဆယ်ကိုးခုက ခရီးသွားတွေဟာ ယခင်သတ်မှတ်ထားတဲ့ ရက်ခြောက်ဆယ်အစား ရက်သုံးဆယ်သာ ဗီဇာကင်းလွတ်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။
အခုဗီဇာစနစ် ပြင်ဆင်မှုကို လွန်ခဲ့တဲ့ မေလ ၁၉ ရက်နေ့ကတည်းက စတင်အတည်ပြုခဲ့တာဖြစ်ပြီးအစည်းအဝေးမှာတော့ နည်းဥပဒေ မပြဋ္ဌာန်းမီ နိုင်ငံအလိုက် သတ်မှတ်ချက်စာရင်းတွေကို အချောသတ် ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီပြင်ဆင်ချက်ထဲမှာ အိန္ဒိယ၊ ခရိုအေးရှား၊ ဘူဂေးရီးယား၊ ဆိုက်ပရပ်စ်၊ မော်လ်တာနဲ့ မော်လ်ဒိုက် စတဲ့ခြောက်နိုင်ငံကို ရက် ၃၀ ဗီဇာကင်းလွတ်ခွင့်အုပ်စုထဲ ထည့်သွင်းလိုက်တာကြောင့် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နှစ််ဆယ့်ခုနှစ်နိုင်ငံစလုံးနဲ့ တူညီတဲ့ ခွင့်ပြုချက် ရရှိသွားခဲ့ပါတယ်။
အဲဒီစည်းမျဉ်းသစ်တွေဟာ တရားဝင် အစိုးရပြန်တမ်းမှာ ထုတ်ပြန်ပြီး ၁၅ ရက်အကြာမှ စတင်သက်ရောက်မှာဖြစ်ပြီး လက်ရှိ စည်းမျဉ်းဟောင်းတွေနဲ့ ဝင်ရောက်ထားသူတွေကတော့ ခွင့်ပြုထားပြီးသားရက်အတိုင်း ဆက်လက်နေထိုင်နိုင်တယ်လို့ သိရပါတယ်။










