Border News Agency
စစ်ကွေး၊ဇူလိုင် ၁၇။
မြန်မာနိုင်ငံတဝှမ်းမှာ ပြီးခဲ့တဲ့ ဇွန်လအတွင်း အာဏာသိမ်းစစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ အရာရှိတွေအပါအဝင် အာဏာသိမ်းစစ်တပ်ဘက်က ခြောက်ရာကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၆ ရက်၊ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
တလတာအတွင်း တိုက်ပွဲတွေကြောင့် အာဏာသိမ်းစစ်တပ်ဘက်က ခြောက်ရာ့လေးဆယ့်လေး ဦး သေဆုံးပြီး နှစ်ရာ့ကိုး ဦး ဒဏ်ရာရရှိခဲ့ကာ၊ ဖမ်းဆီးရမိသူနဲ့ ထိခိုက်သေဆုံးသူတွေထဲမှာ စစ်တပ်အရာရှိ အယောက် နှစ်ဆယ် ပါဝင်တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် တော်လှန်ရေးအင်အားစုတွေဘက်က အာဏာသိမ်းစစ်တပ်ရဲ့ ရဟတ်ယာဉ် တစင်းကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သလို စစ်တပ်စခန်းတွေကိုလည်း တဆယ့်ငါးကြိမ်တိုက်ခိုက်ပြီး စခန်း ကိုးခုအထိ သိမ်းပိုက်ရရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတဝှမ်းစစ်မျက်နှာအနှံ့မှာ အထိနာနေပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ စခန်းသိမ်းတိုက်ပွဲတွေနဲ့ ပြောက်ကျားတိုက်ခိုက်မှုတွေကြောင့် အကျအဆုံး ပိုမိုများပြားလာနေတာ ဖြစ်ပါတယ်။









