Border News Agency
မူး၊ ဇူလိုင် ၁၇။
ပဲခူးတိုင်း၊မူးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်လို့ အရပ်သားနှစ်ဦးသေဆုံးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဇူလိုင်လ ၁၆ရက်နေ့ထုတ်ပြန်ပါတယ်။
အဲဒီမူးမြို့နယ်၊ဟီအူးကျေးရွာ၊ ရှဲဒေးကျေးရွာနဲ့ မီးရထားကျေးရွာတို့ကို ဇူလိုင်လ ၁၃ ရက်နေ့က အာဏာသိမ်းစစ်တပ်ရဲ့ Y-12 လေယာဉ်နဲ့ လေကြောင်းမှဗုံးအလုံးနှစ်ဆယ်ထက်မနည်းကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် မီးရထားကျေးရွာနေ အသက်ငါးဆယ်ခုနှစ်နှစ်အရွယ် နော်ဘွေဖေနဲ့ အသက်ငါးဆယ်ခြောက်နှစ်အရွယ် နော်လေးဝါးသေဆုံးခဲ့ပြီး စျေးဆိုင်နှစ်ဆိုင်လည်း ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ခိုက်ခံရတဲ့နေရာတွေမှာ တိုက်ပွဲဖြစ်ပွားတာတွေမရှိဘဲ အာဏာသိမ်းစစ်တပ်က အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အရပ်သားပြည်သူတွေအပေါ် ဆက်လက်ကျူးလွန်နေတဲ့လေကြောင်းတိုက်ခိုက်တာတွေကြောင့် ဒေသခံပြည်သူတွေဟာ နေ့စဉ်အသက်အန္တရာယ် စိုးရိမ်ကြောက်ရွံ့မှုတွေအောက်မှာ သွားလာနေထိုင်နေကြရပြီး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေလည်း ပိုမိုဆိုးရွားလာနေပါတယ်။
















