အမျိုးသားအဆင့်စာမေးပွဲမေးခွန်းပေါက်ကြားမှုကြောင့် ဖြစ်ပွားခဲ့တဲ့လူငယ်တွေရဲ့ ဆန္ဒပြပွဲတွေနဲ့ပတ်သက်ပြီး အိန္ဒိယပညာရေးဝန်ကြီးဒါမန်ဒရာပရာဒန်ရာထူးက နှုတ်ထွက်သွားခဲ့ပါတယ်။
ဝန်ကြီးချုပ်နာရန်ဒရာမိုဒီအစိုးရက ပညာရေးဝန်ကြီးရဲ့ နှုတ်ထွက်စာကိုလက်ခံလိုက်သလို စာမေးပွဲစနစ်ပြုပြင်ဖို့၊ ဆန္ဒပြသူတွေကိုစွဲထားတဲ့အမှုတွေ ရုပ်သိမ်းဖို့နဲ့သေဆုံးသူတွေရဲ့ မိသားစုတွေကိုလျှော်ကြေးပေးဖို့ တောင်းဆိုချက်တွေကိုပါလိုက်လျောပေးခဲ့တာပါ။
ဆန္ဒပြပွဲဦးဆောင်တဲ့ Cockroach Janta Party (CJP)က သပိတ်စခန်းသိမ်းကြောင်းကြေညာခဲ့ပြီး မြို့တော်ဒေလီမှာလူငယ်သောင်းပေါင်းများစွာ လမ်းပေါ်ထွက် အောင်ပွဲခံခဲ့ကြပါတယ်။
ကျန်းမာရေးဝန်ကြီး ဂျေပီနက်ဒါကလည်း ကျောင်းသားတွေရဲ့တောင်းဆိုချက် အားလုံးကိုအစိုးရကလက်ခံလိုက်ပြီလို့ CJP ပြောခွင့်ရသူတွေနဲ့အတူ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုခဲ့ပါတယ်။
နှုတ်ထွက်သွားတဲ့ပညာရေးဝန်ကြီးကတော့ တိုင်းပြည်ဖျက်လိုသူတွေ အခွင့်ကောင်းမယူနိုင်အောင် မိမိသဘောနဲ့အခုလို နှုတ်ထွက်တာလို့ X လူမှုကွန်ရက်မှာ ရေးထားပါတယ်။



















