Border News Agency
မြဝတီ၊ ဇူလိုင် ၂၉။
ကရင်ပြည်၊ မြဝတီမြို့နယ်၊ နယ်ခြားစောင့်တပ်(BGF) အမှတ် ၄ စစ်ဒေသမှူးစောမုတ်သုန်ကို ထိုင်းနိုင်ငံ၊ ရာဇဝတ်တရားရုံးနဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(DSI)က ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
အဲဒီဝရမ်းကို ဇူလိုင်လ ၂၇ ရက်နေ့ကထုတ်တာဖြစ်ပြီး စောမုတ်သုန်ကို လူကုန်ကူးမှု၊ အုပ်စုဖွဲ့နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်မှုနဲ့ စွဲချက်တင်ထားတာပါ။
အဲဒီစွဲချက်တွေဟာ ထိုင်းနိုင်ငံရဲ့လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေနဲ့ ပြစ်မှုဆိုင်ရာဥပဒေတွေအရ ထောင်ဒဏ်သုံးနှစ်ထက်မနည်းကျခံရနိုင်တဲ့ ကြီးလေးတဲ့ပြစ်မှုတွေဖြစ်ပါတယ်။
အဲဒီဝရမ်းပါအချက်အလက်တွေအရ သူဟာ အိန္ဒိယနိုင်ငံ၊ကာလကတ္တား၊ယူအေအီးနိုင်ငံ၊ဒူဘိုင်းအပြင် ထိုင်းနိုင်ငံ၊စမွတ်ပရာကန်၊ဘန်ကောက်၊တာခ်ခရိုင်နဲ့မြန်မာနိုင်ငံ၊မြဝတီမြိုထိ ဆက်စပ်နေတဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုကွန်ရက်တွေမှာ ပါဝင်နေတယ်လို့ဆိုပါတယ်။
အဲဒါကြောင့် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(DSI)နဲ့ ရဲတပ်ဖွဲ့က စောမုတ်သုန်ကို ဖမ်းဆီးရမိဖို့နဲ့ ဥပဒေအတိုင်းအရေးယူနိုင်ဖို့ ဆောင်ရွက်နေပါတယ်။






