Border News Agency
ထိုင်း၊ သြဂုတ် ၆။
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ထားမကာမြို့နယ်ရှိ ထိုင်းဖုဒ်စက်ရုံရှေ့မှာဈေးဆိုင်ဖွင့်ရောင်းချနေတဲ့ မြန်မာလုပ်သားကိုးဦးကို သြဂုတ်လ ၆ ရက်၊ ဒီနေ့မနက်အစောပိုင်းက ထိုင်းအာဏာပိုင်တွေရှောင်တခင် ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
ခရိုင်အလုပ်သမားဌာန၊ နယ်ခြားစောင့်ရဲနဲ့ လုံခြုံရေးတပ်ဖွဲ့တို့ပူးပေါင်းပြီး ဒီနေ့မနက်မှာ စက်ရုံရှေ့ကိုသွားရောက်စစ်ဆေးရာ နိုင်ငံခြားသားတွေ လုပ်ကိုင်ခွင့်မရှိတဲ့ တားမြစ်အလုပ်လုပ်နေတာကိုတွေ့ရှိခဲ့ရတာပါ။
ထိုင်းနိုင်ငံရဲ့ ၂၀၁၇ ခုနှစ်နိုင်ငံခြားသား အလုပ်သမားစီမံခန့်ခွဲမှုဆိုင်ရာဥပဒေအရ လမ်းဘေးဈေးရောင်းတာနဲ့ ဆိုင်ဖွင့်ရောင်းချတာတွေကို နိုင်ငံခြားသားတွေလုပ်ကိုင်ခွင့်မရှိဘဲ ထိုင်းနိုင်ငံသားတွေသာလုပ်ပိုင်ခွင့်ပြုထားတာဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့ မြန်မာလုပ်သားကိုးဦးစလုံးကို လုပ်ပိုင်ခွင့်မရှိတဲ့အလုပ်ကိုလုပ်ကိုင်မှုနဲ့ အမှုဖွင့်ပြီး ဥပဒေအတိုင်းအရေးယူနိုင်ဖို့ ထားမကာမြို့မရဲစခန်းကိုပို့ထားပါတယ်။
အာဏာပိုင်တွေဘက်ကလည်း ခရိုင်အတွင်း ထိုင်းနိုင်ငံသားတွေရဲ့အလုပ်အကိုင်ကို ဝင်ရောက်လုပ်ကိုင်နေတဲ့ တရားမဝင်ဈေးရောင်းမှုတွေကို ဆက်လက်စစ်ဆေးအရေးယူသွားမှာပါ။







