Border News Agency
နေပြည်တော်၊သြဂုတ် ၈။
နေပြည်တော်မှာ အာဏာသိမ်းစစ်တပ်ရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ဟာ သြဂုတ် ၇ ရက်၊မနေ့က တွေ့ခဲ့ကြပါတယ်။
အဲဒီအာဏာသိမ်းစစ်တပ်က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်အဖွဲ့နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဒုတိယဥက္ကဋ္ဌ(၃)စဝ်ဆေပိုင်ဖဦးဆောင်အဖွဲ့
တွေ့ကြတာပါ။
အဲဒီမှာနိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထုဘဝဖွံ့ဖြိုးကောင်းမွန်စေရေး၊ နိုင်ငံတစ်ဝန်းလုံးငြိမ်းချမ်းရေးရရှိရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအပြင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးအတွက် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ၊ ဝမ်ဟိုင်းဒေသတွင် MPT အင်တာနက်လိုင်းရရှိရေး၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းလောင်းကစား၊ အွန်လိုင်းလိမ်လည်မှုတွေ၊နယ်မြေကျော်လွန်ခြင်းကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
နောက်ပြီး နှစ်ဖက်ဆွေးနွေးချက်တွေအပေါ် မှတ်တမ်းတင်နိုင်ရန်ညှိနှိုင်းပြီး မှတ်တမ်းကိုလက်မှတ်ရေးထိုးအတည်ပြုခဲ့ကြပါတယ်။






