Border News Agency
မီဇိုရမ်၊ သြဂုတ် ၁၀။
မီဇိုရမ်ပြည်နယ် အစိုးရသစ်ရဲ့ ပညာရေးနည်းဥပဒေပြုပြင်ပြောင်းလဲမှုတွေကြောင့် ကျေးလက်ဒေသတွေမှာရှိတဲ့ အထက်တန်းကျောင်းတွေရဲ့ အဆင့်အတန်းလျှော့ချခံရမယ့်အရေးကို ဒေသခံတွေနဲ့ ကျောင်းဆရာတွေကစိုးရိမ်နေကြပြီး နည်းဥပဒေကို ပြန်သုံးသပ်ပေးဖို့ သြဂုတ်လ ၁၀ ရက်၊ ဒီနေ့တောင်းဆိုနေကြပါတယ်။
အရင်အစိုးရလက်ထက်က တိုးမြှင့်ပေးခဲ့တဲ့ကျောင်းအဆင့်အတန်းတွေကို အစိုးရသစ်ပယ်ဖျက်ပြီးနည်းဥပဒေသစ်နဲ့ ငါးဆယ်သုံးကျောင်းကို အဆင့်တိုးပေးခဲ့ကာ ကျောင်းသားခြောက်ဆယ်ပြည့်မီရမယ်ဆိုတဲ့ စည်းကမ်းချက်ထည့်ထားတာပါ။
အဲဒီစည်းကမ်းချက်ကြောင့် အိမ်ခြေတရာကျော်ပဲရှိတဲ့ ကျေးလက်ဒေသတွေက ကျောင်းအများအပြားဟာ အဆင့်တိုးခွင့်မရတဲ့အပြင် အရင်ရထားတဲ့ Adhoc အဆင့်ကနေ လွန်ခဲ့တဲ့တဆယ့်ငါးနှစ်ခန့်က Lumpsum Special Category-I အဆင့်ကို လျှော့ချခံခဲ့ရပါတယ်။
အဲဒီအပြင်ကျောင်းသားသုံးဆယ်နဲ့ စာမေးပွဲအောင်ချက်ငါးဆယ်ရာခိုင်နှုန်းမရှိရင် အဆင့်တွေထပ်လျှော့ခံရမှာဖြစ်လို့ နောက်ဆုံးကျောင်းတွေ ပိတ်သိမ်းသွားရမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။
ဒေသခံတွေနဲ့ စီးပွားရေးပညာရှင်တွေက ပညာရေးကဏ္ဍမှာ ကျောင်းသားဦးရေထက် လိုအပ်ချက်ကို အဓိကထားငွေကြေးသုံးစွဲသင့်ပြီး ကျောင်းတွေအားလုံးကို အစိုးရပိုင် (Provincialised) အဖြစ် အဆင့်တိုးပေးဖို့ အစိုးရကိုတောင်းဆိုထားကြပါတယ်။












