Border News Agency
မကွေး၊ သြဂုတ် ၁၁။
မကွေးတိုင်း၊ပခုက္ကူခရိုင်၊မြစ်ခြေမြို့နယ်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ မိုင်းဆွဲတိုက်ခိုက်မှုတွေမှာ ပျူစောထီးခေါင်းဆောင်တဦးအပါအဝင်ဗိုလ်မှူးတဦးနဲ့ တပ်ဖွဲ့ဝင်သုံးဦးသေဆုံးကာ နှစ်ဦးအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သြဂုတ်လ ၁၁ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
ညောင်ဦးမြို့နယ်ဘက်မှာ ဦးဆောင်နေတဲ့ ပျူစောထီးခေါင်းဆောင်နောင်နောင်နဲ့ နောက်လိုက်နှစ်ဦးဟာ မြစ်ခြေတဖက်ကမ်းကိုကူးလာချိန် ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့က ဧရာဒေါင်းတပ်ဖွဲ့နဲ့ မိနစ် ၁၀ ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း ပျူစောထီးခေါင်းဆောင်နောင်နောင်မှာ နေရာမှာတင်သေဆုံးခဲ့ပြီး နောက်လိုက်ပျူစောထီးနှစ်ဦးကိုတော့ AK သေနတ်နှစ်လက်နဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် မေလ ၃၁ ရက်မှာလည်း မြစ်ခြေမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ တပ်မ ၁၀၁ ဟာ စစ်ကြောင်းထိုးပြီး ဒေသခံတွေကို သတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအာဏာသိမ်းစစ်တပ်ရဲ့ တပ်မ ၁၀၁ စစ်ကြောင်း ပြန်ဆုတ်ချိန်မှာမိုင်းထောင်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးဉာဏ်လင်း အပါအဝင် နှစ်ဦးသေဆုံးပြီး အခြားလေးဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။












