Border News Agency
မကွေး၊ သြဂုတ် ၁၁။
မကွေးတိုင်း၊မြို့သစ်မြို့နယ်မှာ မိုးဆက်တိုက်ရွာသွန်းခဲ့တာကြောင့် စွန်ဆည်နဲ့ဆဒ္ဒန်ဆည် ရေလှောင်တမံတို့ရဲ့ ရေပိုလွှဲကနေ ဩဂုတ်လ ၁၁ ရက်၊ဒီနေ့မနက်ပိုင်းကစပြီး ရေကျော်ကျနေတယ်လို့ မြို့နယ်ဆည်မြောင်းနဲ့ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
မြို့သစ်မြို့နယ်အတွင်း တောင်သူတွေစိုက်ပျိုးရေးအတွက် အသုံးပြုနေတဲ့ဆည်လေးခုထဲက စွန်ဆည်နဲ့ ဆဒ္ဒန်ဆည်တို့မှာ ဩဂုတ်လဆန်းပိုင်းကစပြီး မိုးရွာသွန်းမှုများပြားခဲ့တာကြောင့် ရေပိုလွှဲကနေ စတင်ရေကျော်ကျလာတာဖြစ်ပါတယ်။
ဒီနေ့မနက်ရှစ်နာရီတိုင်းထွာချက်အရ စွန်ဆည်မှာ ရေပြည့်အမှတ်ထက် သုညဒသမ ခြောက်ပေခန့်နဲ့ ဆဒ္ဒန်ဆည်မှာ တဒသမ ရှစ်ပေခန့် ရေပိုလွှဲကနေကျော်ကျနေတာပါ။
ဆည်နဲ့ဆက်စပ်အဆောက်အအုံတွေကြံ့ခိုင်မှုရှိတာကြောင့် လက်ရှိမှာစိုးရိမ်စရာအခြေအနေမရှိသေးပေမယ့် ဆည်အောက်ပိုင်းကကျေးရွာတွေကို အရေးပေါ်အခြေအနေအဆင့် ၁ အဖြစ် အစိမ်းရောင်အလံလွှင့်ထူပြီး သတိပေးထားပါတယ်။
အဲဒီအပြင် ဆည်မြောင်းဌာနဝန်ထမ်းတွေကလည်း အလှည့်ကျရေကင်းတာဝန်ယူကာ ဆည်အခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အချိန်နဲ့တပြေးညီ စောင့်ကြည့်အသိပေးနေတယ်လို့ဆိုပါတယ်။








