Border News Agency
စလင်း၊ ဩဂုတ် ၁၁။
မကွေးတိုင်း၊စလင်းမြို့နယ်၊ပဲခူးတိုင်း၊ရွှေကျင်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားခုနှစ်ဦးသေဆုံးပြီး ဆယ့်ငါးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီစလင်းမြို့နယ်၊တောင်ဘို၊ ဇီးဖြူပင်နဲ့ ရွှေကူကျေးရွာကို ဩဂုတ်လ ၅ ရက်နဲ့ ၁၀ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခဲ့တာကြောင့် တောင်ဘိုကျေးရွာမှအရပ်သားသုံးဦးသေဆုံးပြီး ဆယ့်လေးဦးဒဏ်ရာရသွားခဲ့သလို ရွှေကူကျေးရွာ အရပ်သားနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအပြင်လူနေအိမ်တွေအများအပြားပျက်စီးသွားပြီး နွားလေးကောင်လည်းသေဆုံးခဲ့ပါတယ်။
ရွှေကျင်မြို့နယ် ဘုရားကြီးကျေးရွာကိုလည်း စစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့လို့ ဘုရားကြီးကျေးရွာမှ ကလေးငယ်တဦးအပါအဝင် အမျိုးသမီးသုံးဦးသေဆုံးခဲ့ပါတယ်။
အဲဒီအပြင်ချောင်းဦးမြို့နယ်ကိုလည်း စစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားတဦးဒဏ်ရာရသွားခဲ့ပြီး နေအိမ်တွေလည်းပျက်စီးသွားခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်တပ်ဟာ တော်လှန်ရေးတပ်တွေထိန်းချုပ်နယ်မြေတွေကို လေကြောင်း၊လက်နက်ကြီးတွေနဲ့ နေ့စဥ်ပစ်ခတ်တိုက်ခိုက်နေတာကြောင့် အရပ်သားတွေ သေဆုံး၊ဒဏ်ရာရနေကြပါတယ်။













