Border News Agency
ဗင်နီဇွဲလား၊ သြဂုတ် ၁၁။
ဗင်နီဇွဲလားနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်နှစ်ခုကြောင့် သေဆုံးသူအရေအတွက်ဟာ ခြောက်ထောင်သုံးရာကျော်အထိ မြင့်တက်လာတယ်လို့အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဂျော့ချ်ရိုဒရီဂွက်ဇ်က ဩဂုတ်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဩဂုတ်လ ၃ ရက်နေ့တုန်းက သေဆုံးသူခြောက်ထောင်တရာကျော်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် လက်ရှိအချိန်အထိ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မိသားစုဝင်တွေက အပျက်အစီးတွေကြားပျောက်ဆုံးနေသူတွေကို ဆက်လက် ရှာဖွေနေကြတာပါ။
ပြင်းအားရစ်ချ်တာစကေး ခုနှစ် ဒသမ နှစ်နဲ့ ခုနှစ် ဒသမ ငါးရှိတဲ့ ဒီငလျင်တွေကြောင့် အဆောက်အအုံ တရာ့ကိုးဆယ်ခန့်ပျက်စီးခဲ့ရပြီး ပျောက်ဆုံးနေသူအရေအတွက် အတိအကျကိုတော့ အစိုးရကထုတ်ပြန်တာမရှိသေးပါဘူး။
ဒါပေမယ့်ထိခိုက်ပျက်စီးမှု အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ လာဂွာအီရာပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ ပြောကြားချက်အရ လူတထောင့်လေးရာခန့် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
အဲဒီငလျင်ကြောင့် လူပေါင်းနှစ်သောင်းလေးထောင်ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အများစုကတော့ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရပါတယ်။










